ပြင်သစ်နဲ့ဂျာမနီမှာ ရာဇဝတ်မှုများ ကျူးလွန်ခဲ့သူ ဖြစ်ပါတယ်
Ko John

ပြင်သစ်နိုင်ငံ Strasbourg မြို့ ခရစ်စမတ်ဈေးတန်းမှာ ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

(သေနတ်သမား Cherif Chekatt) (Photo: Reuters)



ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) က Strasbourg မြို့တစ်နေရာမှာ ရဲတပ်ဖွဲ့နဲ့ ထွက်ပြေးနေတဲ့ သေနတ်သမား Cherif Chekatt တို့ ထိပ်တိုက်တွေ့ခဲ့ရာ ၎င်းက စတင်ပစ်ခတ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် Cherif Chekatt ဟာ ပြင်သစ်နဲ့ဂျာမနီနိုင်ငံတွေမှာ ရာဇဝတ်မှုများ ကျူးလွန်ခဲ့ပြီး ထောင်ဒဏ်ကျခံရစဉ် အစ္စလာမ်အစွန်းရောက်တစ်ဦး ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

(ပြင်သစ်လုံခြုံရေးတပ်ဖွဲ့ဝင်များ) (Photo: Reuters)

Strasbourg ခရစ်စမတ်ဈေးတန်းမှာ Cherif Chekatt က ပစ်ခတ်မှုကြောင့် လူသုံးဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ခရစ်စမတ်ဈေးတန်းမှာ ပစ်ခတ်ခဲ့ပြီးနောက် Cherif Chekatt ဟာ လုံခြုံရေးတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပေမဲ့ ထွက်ပြေးလွတ်မြောက်နေခဲ့ပါတယ်။ ၎င်းကို ပြင်သစ်လုံခြုံရေးတပ်ဖွဲ့ဝင် ၇၀၀ ကျော်ဖြင့် လိုက်လံရှာဖွေနေခဲ့တာလည်း ဖြစ်ပါတယ်။

(သေနတ်သမားကို အသေပစ်ခတ်ဖမ်းဆီးခဲ့သည့်နေရာကို ရောက်ရှိလာသည့် ပြည်ထဲရေးဝန်ကြီး) (Photo: Christophe Castaner)

ဒီဇင်ဘာ ၁၃ ရက် ဒေသစံတော်ချိန် ည ၉ နာရီမှာတော့ Strasbourg တစ်နေရာမှာ ရဲအရာရှိသုံးဦးက သေနတ်သမား Cherif Chekatt ကို တွေ့ရှိသွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး Christophe Castaner က ပြောပါတယ်။ ရဲအရာရှိတွေက Cherif Chekatt ကို ရပ်တန့်အဖမ်းခံရန် ညွှန်ကြားခဲ့ရာ ၎င်းက စတင်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် ရဲအရာရှိတွေက ပြန်လည်ပစ်ခတ်ပြီး Cherif Chekatt ကို အသေဖမ်းဆီးခဲ့ပါတယ်။

(ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ခရစ်စမတ်ဈေးတန်းနေရာ) (Photo: AFP)

Strasbourg ခရစ်စမတ်ဈေးတန်း ပစ်ခတ်မှုနဲ့ဆက်နွယ်ပြီး လူငါးဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်းနဲ့ သေနတ်သမား Cherif Chekatt ရဲ့ မိဘတွေနဲ့ ၎င်းရဲ့ညီအစ်ကိုတော်စပ်သူနှစ်ဦးလည်း ပါဝင်ကြောင်း BBC သတင်းက ပြောပါတယ်။ ခရစ်စမတ်ဈေးတန်း ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Strasbourg မြို့ဟာ ဂျာမနီနိုင်ငံနဲ့ နယ်စပ်အနီးမှာ တည်ရှိကြောင်း သိရပါတယ်။ ပြင်သစ်မှာ ၂၀၁၅ ခုနှစ်မှစပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေကို တပ်လှန့်ထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က