ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ COVID-19 ကူးစက်မှုတွေ မြင့်တက်နေမှုကြောင့် ဘေးအန္တရာယ်ကျရောက်တဲ့ အခြေအနေအဖြစ် ယနေ့ (ဩဂုတ် ၂ ရက်) သတ်မှတ်ကြေညာပြီး ပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

(Photo: William West/AFP)

ယခု ဆောင်ရွက်ချက်ဟာ ဗစ်တိုးရီးယားမှာ ကူးစက်မှုထိန်းချုပ်ရေး အပြင်းထန်ဆုံး စီမံဆောင်ရွက်မှုတစ်ခုလည်း ဖြစ်လာပါတယ်။ ဩစတြေးလျရဲ့ ဒုတိယအကြီးဆုံးမြို့ မဲလ်ဘုန်းမှာ ကူးစက်မှုများ လက်မခံနိုင်ဖွယ် သိသာစွာ မြင့်တက်နေခဲ့ရာ လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့အထိ အဆင့် ၄ ကန့်သတ်ချက်များ ဆောင်ရွက်သွားမယ်လို့ ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒန်နီရယ်အင်ဒရူးစ်က ပြောပါတယ်။



မဲလ်ဘုန်းမြို့မှာ ယနေ့ညပိုင်းမှစပြီး နောက်ထပ် သီတင်းခြောက်ပတ် ည ၈ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် (ကာဖျူးအမိန့်) ထုတ်ပြန်လိုက်ပါတယ်။ ထို့အတူ မြို့ခံတွေကို ၎င်းတို့ရဲ့ နေအိမ်မှ ၃ မိုင်ထက်ကျော်ပြီး အပြင်ထွက်သွားလာခြင်း တားမြစ်ပိတ်ပင်ထားပြီး လေ့ကျင့်ခန်းလုပ်မှုကို တစ်ရက်လျှင် တစ်နာရီအဖြစ် ကန့်သတ်ထားကြောင်းလည်း သိရပါတယ်။

(Photo: EPA)

ဒါ့အပြင် အိမ်ထောင်စုတစ်ခုမှ တစ်ရက်လျှင် လူတစ်ဦးသာ လိုအပ်တဲ့ပစ္စည်းများ ဝယ်ယူရန်အတွက် ၃ မိုင်ပတ်လည်အတွင်းရှိ ဈေးဆိုင်သို့ သွားခွင့်ပြုထားပါတယ်။ မဲလ်ဘုန်းမြို့ရှိ ကျောင်းနဲ့တက္ကသိုလ် အများစုကိုလည်း ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၅ ရက်) ညသန်းခေါင်မှစပြီး အွန်လိုင်းမှ သင်ကြားတဲ့စနစ်သို့ ပြောင်းလဲသင်ကြားရန် ညွှန်ကြားထားပါတယ်။

မဲလ်ဘုန်းမှာ ကျောင်းများပြန်ဖွင့်ပြီး ရက်သတ္တပတ်အကြာမှာ အွန်လိုင်းသင်ကြားရေးစနစ်ကို ပြန်လည်ကျင့်သုံးစေခဲ့တာလည်း ဖြစ်ပါတယ်။ ထိုအတောအတွင်း မူကြိုကျောင်းတွေနဲ့ နေ့ကလေးထိန်းစင်တာတွေကိုတော့ ကြာသပတေးနေ့ (ဩဂုတ် ၆ ရက်) မှစပြီး ပိတ်ထားမယ်လို့ ဆိုပါတယ်။

(Photo: AFP)

မဲလ်ဘုန်းမြို့မှာ စူပါမတ်ကက်များ ဆက်လက်ဖွင့်ထားမှာဖြစ်ပြီး စားသောက်ဆိုင်တွေက ပါဆယ်စနစ်နဲ့ အိမ်အရောက်ပို့ဆောင်မှုတို့ဖြင့် အစားအသောက်များ ဆက်လက် ရောင်းချနိုင်မှာဖြစ်ပါတယ်။ COVID-19 ထိန်းချုပ်ရေး အစီအမံအရ မဲလ်ဘုန်းမှာ မင်္ဂလာပွဲများ ကျင်းပခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။ ဩစတြေးလျမှာ ကူးစက်မှုပထမလှိုင်း မြင့်တက်ဖြစ်ပွားနေခဲ့စဥ်က မင်္ဂလာပွဲတွေကို လူငါးဦးဖြင့်သာ ကျင်းပခွင့်ပြုခဲ့ပါတယ်။

"ကျွန်တော်တို့ ဒီဆုံးဖြတ်ချက်တွေကို ဘာကြောင့် ချမှတ်ရတာလဲဆိုတော့ ဒီလိုမလုပ်ရင် ကျွန်တော်တို့ ဘေးအန္တရာယ်ကင်းမှာ မဟုတ်လို့ပါပဲ၊ ဒီလိုမလုပ်ရင် လတွေနဲ့ လတွေနဲ့ လတွေနဲ့ချီပြီး ကူးစက်မှုတွေ ကြာရှည်နေပါလိမ့်မယ်" လို့ ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒန်နီရယ်အင်ဒရူးစ်က ပြောပါတယ်။

(Photo: EPA)

ဗစ်တိုးရီးယားမှာ လုပ်ငန်းခွင်တွေနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေကိုလည်း တနင်္လာနေ့ (ဩဂုတ် ၃ ရက်) မှာ ထုတ်ပြန်ကြေညာသွားမယ်လို့ ၎င်းကဆိုပါတယ်။ ဗစ်တိုးရီးယားပြည်နယ်အတွင်း မရှိမဖြစ် မဟုတ်တဲ့ လုပ်ငန်းတွေကို ပိတ်ပင်ထားစေမယ်လို့ ယူဆထားပါတယ်။ ယနေ့ ထုတ်ပြန်မှုအရ ဗစ်တိုးရီးယားမှာ COVID-19 အတည်ပြုလူနာသစ် ၆၇၁ ဦးနဲ့ သေဆုံးသူ ၇ ဦး တိုးလာခဲ့ကြောင်းလည်း သိရပါတယ်။ လူဦးရေ ၂၅ သန်းရှိတဲ့ ဩစတြေးလျမှာ ဩဂုတ် ၂ ရက်အထိ စာရင်းတွေအရ ကူးစက်ခံရသူ ၁၈,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၂၀၈ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က