ဩစတြေးမှာ မကြုံစဖူး အရေးပေါ်အခြေအနေအဆင့် တောမီးလောင်မှုတွေ အများအပြား ဖြစ်ပွားနေပြီး New South Wales (NSW) ပြည်နယ်မှာ မီးကူးစက်နိုင်တဲ့ အန္တရာယ်ရှိနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
(Photo: Dean Sewell)
ယနေ့ (နိုဝင်ဘာ ၈ ရက်) မှာ ပြည်နယ်တစ်ဝှမ်း တောမီးလောင်မှု ၉၀ ကျော် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ တောမီးလောင်မှုတွေဟာ မိုးခေါင်ခြောက်သွေ့နေခဲ့တဲ့ နေရာဒေသအများအပြားမှာ ဖြစ်ပွားနေပြီး လေပြင်းတိုက်မှုနဲ့ အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်နေမှုကြောင့် ပိုမိုဆိုးရွားခဲ့တယ်လို့ ဆိုပါတယ်။ တောမီးလောင်နေတဲ့ နေရာအချို့ရှိ နေအိမ်များအတွင်း ပိတ်မိနေသူများရှိကြောင်း သတင်းတွေကြားသိရပြီး မီးသတ်သမားများနဲ့ ကယ်ဆယ်ရေးများက မီးအားကောင်းနေမှုကြောင့် ထိုနေရာများသို့ မရောက်ရှိနိုင်သေးပါဘူး။
"ဒီလောက် မီးအများကြီး အရေးပေါ် သတိပေးမှုအဆင့် လောင်နေတာမျိုး ကျွန်တော်တို့ တစ်ခါမျှ မတွေ့ဖူးသေးဘူး" လို့ ကျေးလက်ဒေသ မီးသတ်တပ်ဖွဲ့အကြီးအကဲ ရှိန်းဖစ်ဇ်ဆမ်မွန်စ်က ပြောပါတယ်။ လက်ရှိ လောင်နေတဲ့ တောမီးများအနက် အနည်းဆုံး ၁၇ ခုဟာ အမြင့်ဆုံး ခြိမ်းခြောက်မှုအဆင့်ဖြစ်ကြောင်း ၎င်းကဆိုပါတယ်။
တောမီးလောင်မှု အဆိုးရွားဆုံးဖြစ်ပွားနေတဲ့ NSW ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက မီးသတ်သမား ရာနဲ့ချီပြီး တောမီးငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေခဲ့ရပါတယ်။ အောက်တိုဘာလအတွင်းက ၎င်းတို့ရဲ့နေအိမ်ကို တောမီး မကူးစက်စေရန် ကြိုးပမ်းခဲ့သူနှစ်ဦး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Port Macquarie ဒေသမှာ တောမီးလောင်မှုမှ မီးခိုးများက ၂၃၆ မိုင်အကွာရှိ ဆစ်ဒနီမြို့အထိ ပျံ့နှံ့ရောက်ရှိလာခဲ့ကြောင်းလည်း သိရပါတယ်။ ဩစတြေးလမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုးပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။
Source: The Guardian, The Australian