ရေခမ်းနေတဲ့ မြစ်ကြမ်းပြင်မှာ ကားနစ်သွားပြီးနောက် သောင်တင်နေခဲ့ကြပါတယ်။

ဩစတြေးလျ အစွန်အဖျား လူနေကျဲတဲ့ နေရာဒေသမှာ သီတင်းနှစ်ပတ်ကြာ သောင်တင်နေခဲ့ကြသူ သုံးဦးအနက် နှစ်ဦးကို အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

(အသက် ၄၀ အရွယ် Phu Tran) (Photo: NT Police)

၎င်းတို့သုံးဦးဟာ ခွေးတစ်ကောင်နဲ့အတူ နိုဝင်ဘာ ၁၉ ရက်နေ့က Alice Springs မြို့ရဲ့တောင်ဘက် အစွန်အဖျား နယ်မြေအတွင်း ခရီးထွက်ခဲ့ကြရာမှ ရေခမ်းနေတဲ့ Hugh မြစ်ကြမ်းပြင် မြေပျော့နေရာမှာ စီးနင်းလာတဲ့ကားက နစ်သွားခဲ့ပြီး ဆက်လက် မောင်းနှင်မရဖြစ်ခဲ့ပါတယ်။



၎င်းတို့က မြစ်ကြမ်းပြင်ကနေ ကားကိုရုန်းထွက်မောင်းနှင်နိုင်ရန် ကြိုးပမ်းခဲ့ပြီး ထိုနေရာမှာပင် သုံးရက်နီးပါးကြာ နေထိုင်ခဲ့ကြပါတယ်။ ထို့နောက် တစ်ဦးချင်းစီ လူခွဲကာ အကူအညီ ရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။ လူခွဲပြီး အကူအညီ ရှာဖွေကြရာမှ မျက်စိလည်လမ်းမှာပြီး လူနေကျဲတဲ့ အစွန်အဖျား နယ်မြေအတွင်း သောင်တင်နေခဲ့ကြတာ ဖြစ်ပါတယ်။

(မြောက်ပိုင်းနယ်မြေ မြင်ကွင်းတစ်ခု) (Photo: Getty Images)

ထိုသုံးဦးအနက်မှ အသက် ၅၂ နှစ်အရွယ် Tamra McBeath-Riley အမည်ရှိ အမျိုးသမီးကို ၎င်းတို့ ပျောက်ဆုံးနေခဲ့ပြီး ၁၂ ရက်အကြာမှာ ပြန်တွေ့ခဲ့ကြောင်း သိရပါတယ်။ သူမက ဘီစကစ်နဲ့ တွင်းငယ်များထဲမှ ရေကိုသောက်ပြီး အသက်ဆက်ခဲ့တယ်လို့ ပြောပါတယ်။ ခရီးထွက်စဥ်က အတူခေါ်ဆောင်သွားခဲ့တဲ့ သူမရဲ့ခွေးကိုတော့ ပြန်တွေ့ရခြင်းရှိ မရှိ အတိအကျ မသိရသေးပါဘူး။ ထို့နောက် သူမနဲ့အတူ ခရီးထွက်ခဲ့သူတစ်ဦးဖြစ်တဲ့ အသက် ၄၀ နှစ်အရွယ် Phu Tran အမည်ရှိ အမျိုးသားကိုလည်း အင်္ဂါနေ့ (ဒီဇင်ဘာ ၂ ရက်) က Alice Springs မြို့ရဲ့တောင်ဘက် အစွန်အဖျား နယ်မြေအတွင်း ပြန်တွေ့ခဲ့ပါတယ်။

(Tamra McBeath-Riley ကို သူမရဲ့ခွေးနဲ့အတူ တွေ့ရစဥ်) (Photo: NT Police)

Phu Tran ကို လယ်သမားတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လိုအပ်တဲ့ ဆေးကုသမှုတွေအတွက် ဆေးရုံသို့ပို့ဆောင်ထားကြောင်း ဩစတြေးလျ မြောက်ပိုင်းနယ်မြေ ရဲတပ်ဖွဲ့က ပြောပါတယ်။ တတိယမြောက် ပျောက်ဆုံးနေသူ အမျိုးသမီး Claire Hockridge ကိုတော့ ပြန်မတွေ့ရသေးပါဘူး။ မြောက်ပိုင်းနယ်မြေ ရဲတပ်ဖွဲ့က ကျန်ရှိနေသူတစ်ဦးကို လိုက်လံရှာဖွေနေကြောင်း BBC သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က