အလောင်းကို မစစ်ဆေးရသေးပေမဲ့ ပျောက်ဆုံးနေတဲ့ အမျိုးသမီးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။

ဩစတြေလျးအစွန်အဖျား နယ်မြေအတွင်း သီတင်းနှစ်ပတ်ကျော်ကြာ သောင်တင်ပျောက်ဆုံးနေခဲ့သူ သုံးဦးအနက် နောက်ဆုံးတစ်ဦးကို လိုက်လံရှာဖွေနေတဲ့ ရဲတပ်ဖွဲ့က အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြပါတယ်။

(Tamra Mceath-Riley၊ Phu Tran နဲ့ Claire Hockridge) (Photo: NT Police)

ယနေ့ (ဒီဇင်ဘာ ၄ ရက်) တွေ့ရှိရတဲ့ အလောင်းကို မည်သူဖြစ်ကြောင်း မစစ်ဆေးရသေးပေမဲ့ ပျောက်ဆုံးနေခဲ့သူတွေအနက် နောက်ဆုံးတစ်ဦးဖြစ်သူ Claire Hockridge အမည်ရှိ အမျိုးသမီးရဲ့အလောင်းဖြစ်တယ်လို့ ယုံကြည်ရကြောင်း ဩစတြေးလျ မြောက်ပိုင်းနယ်မြေရဲတပ်ဖွဲ့က ပြောပါတယ်။



အသက် ၄၆ နှစ်အရွယ် Claire Hockridge အမည်ရှိ အမျိုးသမီးဟာ အခြား အဖော်နှစ်ဦး၊ ခွေးတစ်ကောင်တို့နဲ့အတူ နိုဝင်ဘာ ၁၉ ရက်နေ့က Alice Springs မြို့ရဲ့တောင်ဘက် အစွန်အဖျား နယ်မြေအတွင်း ခရီးထွက်ခဲ့ကြရာမှ ရေခမ်းနေတဲ့ Hugh မြစ်ကြမ်းပြင် မြေပျော့နေရာမှာ စီးနင်းလာတဲ့ကားက နစ်သွားခဲ့ပြီး ဆက်လက် မောင်းနှင်မရဖြစ်ခဲ့ပါတယ်။

(အသက်ရှင်လျက်ပြန်တွေ့ခဲ့သည့် Tamra Mceath-Riley) (Photo: NT Police)

၎င်းတို့က မြစ်ကြမ်းပြင်ကနေ ကားကိုရုန်းထွက်မောင်းနှင်နိုင်ရန် ကြိုးပမ်းခဲ့ပြီး ထိုနေရာမှာပင် သုံးရက်နီးပါးကြာ နေထိုင်ခဲ့ကြပါတယ်။ထို့နောက် တစ်ဦးချင်းစီ လူခွဲကာ အကူအညီ ရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။ လူခွဲပြီး အကူအညီ ရှာဖွေကြရာမှ မျက်စိလည်လမ်းမှာပြီး လူနေကျဲတဲ့ အစွန်အဖျား နယ်မြေအတွင်း သောင်တင်နေခဲ့ကြတာ ဖြစ်ပါတယ်။ ၎င်းတို့သုံးဦးအနက် အသက် ၅၂ နှစ်အရွယ် အမျိုးသမီး Tamra Mceath-Riley နဲ့ အသက် ၄၀ အရွယ် Phu Tran အမည်ရှိ အမျိုးသားတို့ကို ယခုသီတင်းပတ်အတွင်း အသက်ရှင်လျက် ပြန်တွေ့ခဲ့ကြပါတယ်။

(အသက်ရှင်လျက်ပြန်တွေ့ခဲ့သည့် Phu Tran) (Photo: NT Police)

နောက်ဆုံးကျန်ရှိနေတဲ့ Claire Hockrideg ဟာ ရေပြတ်လပ်မှုကြုံရနိုင်မှုကို စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ယမန်နေ့ (ဒီဇင်ဘာ ၃ ရက်) မှာ ပြောခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံသားများဖြစ်ကြတဲ့ အဆိုပါသုံးဦး သောင်တင်ပျောက်ဆုံးနေခဲ့တဲ့ ဩစတြေးလျအစွန်အဖျားနယ်မြေမှာ နေ့အပူချိန်ဟာ ပုံမှန်အားဖြင့် ၄၀ ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်နေလေ့ရှိကြောင်းလည်း BBC သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က