လူဦးရေထောင်နဲ့ချီ ပိတ်မိနေခဲ့ပြီး စစ်တပ်အကူအညီဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရပါတယ်။

ဩစတြေးလျနိုင်ငံ ကမ်းရိုးတန်းဒေသတွေကို နှစ်သစ်ကူးကာလ ယခုရက်ပိုင်းအတွင်း တောမီးများ ကူးစက်လောင်ကျွမ်းခဲ့ရာ လူခုနစ်ဦး သေဆုံးခဲ့ပြီး နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

(Photo: AFP)

ဩစတြေးလျ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းနေရာတွေမှာ မထိန်းချုပ်နိုင်တဲ့အထိ ပြင်းထန်တဲ့ တောမီးလောင်မှုများအတွင်း လူငါးဦး ပျောက်ဆုံးနေကြောင်းလည်း သိရပါတယ်။ တောမီးကြောင့် ဗစ်တိုးရီးယားပြည်နယ် East Gippsland ဒေသမှာ အနည်းဆုံး နေအိမ် ၄၃ လုံးနဲ့ New South Wales ပြည်နယ်မှာ နောက်ထပ် နေအိမ် ၁၇၆ လုံး ပျက်စီးခဲ့ပါတယ်။



ယမန်နေ့ (ဒီဇင်ဘာ ၃၁ ရက်) မနက်ပိုင်းက ကမ်းရိုးတန်းဒေသရှိ မြို့ငယ်များသို့ တောမီးများကူးစက်လာမှုကြောင့် လူဦးရေထောင်နဲ့ချီပြီး ပင်လယ်ကမ်းစပ်ကို ထွက်ပြေးခဲ့ရပါတယ်။ ယနေ့ (ဇန်နဝါရီ ၁ ရက်) မှာ တောမီးလောင်မှုအခြေအနေ အနည်းငယ် အားလျော့သွားခဲ့ရာ ဗစ်တိုးရီးယားပြည်နယ်ရှိ အဓိက လမ်းမကြီးတစ်ခုကို နှစ်နာရီကြာ ပြန်ဖွင့်ပေးခဲ့ပြီး လူတွေကို ထွက်ခွာစေခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: AFP via Getty Images)

သို့သော် ယနေ့ မနက်အစောပိုင်းအထိ New South Wales ပြည်နယ်မှာ တောမီးလောင်မှု ၁၁၂ ခု ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ထို့အတူ ဗစ်တိုးရီးယားပြည်နယ်မှာလည်း အရေးပေါ်အခြေအနေ တစ်ခုအပါအဝင် တောမီးလောင်မှု ၄၅ ခု ဖြစ်ပွားခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

New South Wales ပြည်နယ် ကျေးလက်ဒေသမီးသတ်တပ်ဖွဲ့က ယနေ့ အစောပိုင်းမှာ ထုတ်ပြန်မှုအရ ယခုနှစ် တောမီးလောင်မှုများအတွင်း နေအိမ် ၉၆၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ နောက်ထပ် နေအိမ် ၃၆၃ လုံးမှာ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၈,၁၅၉ လုံးကိုတော့ မီးမကူးစက်စေရန် ကာကွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

(Photo: bluesfestblues/Instagram)

နှစ်သစ်ကူးကာလမှာ ကမ်းရိုးတန်းဒေသများကို တောမီးများကူးစက်လောင်ကျွမ်းမှုအတွင်း ပိတ်မိနေသူတွေကို ကယ်တင်ရန်အတွက် ဩစတြေးလျစစ်တပ်ကပါ ပါဝင်ကူညီခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဩစတြေးလျနိုင်ငံတစ်ဝှမ်း အနည်းဆုံး မြေဧက ၇.၄ သန်းကျော်မှာ တောမီးများ ကူးစက်လောင်ကျွမ်းခဲ့ပြီး တောမီးနဲ့ဆက်နွယ်တဲ့ သေဆုံးသူအရေအတွက် ၁၈ ဦးအထိ မြင့်တက်လာကာ နေအိမ် ၉၆၁ လုံး ပျက်စီးခဲ့ပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က