သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာတွေမှာ ကူးစက်မှုအများအပြား တွေ့ခဲ့ရပါတယ်။

ဩစတြေးလျနိုင်ငံမှာ ယနေ့ (ဇူလိုင် ၃၀ ရက်) ထုတ်ပြန်မှုအရ COVID-19 ကူးစက်မှုအသစ် စံချိန်တင်မြင့်တက်ခဲ့ပြီး သေဆုံးမှုအများဆုံးနေ့လည်း ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာတွေမှာ ကူးစက်မှုတွေ မြင့်တက်ခဲ့ပြီးနောက် နေ့အလိုက် ကူးစက်မှုနဲ့ သေဆုံးမှုတွေ အများဆုံးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဩစတြေးလျအာဏာပိုင်တွေက တစ်ကျော့ပြန် မြင့်တက်လာတဲ့ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ရန်မျှော်လင့်ပြီး ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့ကို lockdown လုပ်ထားခဲ့တာ သုံးပတ်မြောက်ရှိပြီလည်း ဖြစ်ပါတယ်။



ကူးစက်မှုအစုအဝေး ပြန်တွေ့လာရတဲ့ မဲလ်ဘုန်းမြို့ကို lockdown လုပ်ထားပေမဲ့ ယနေ့မှာ ကူးစက်မှုနဲ့ သေဆုံးမှုများ စံချိန်တင်တိုးလာခဲ့ပါတယ်။ တာဝန်ရှိသူတွေက ယနေ့ ထုတ်ပြန်မှုအရ မဲလ်ဘုန်းမြို့တည်ရှိရာ ဩစတြေးလျ အရှေ့တောင်ပိုင်း ဗစ်တိုးရီးယားပြည်နယ်တစ်ခုတည်းမှာ COVID-19 အတည်ပြုလူနာသစ် ၇၂၃ ဦးနဲ့ သေဆုံးသူ ၁၃ ဦး တိုးလာခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ယခု ကူးစက်မှုအသစ် အရေအတွက်ဟာ ယခင် ဩစတြေးလျတစ်နိုင်ငံလုံး အတိုင်းအတာအရ တနင်္လာနေ့ (ဇူလိုင် ၂၇ ရက်) မှာ အများဆုံး စံချိန်တင်ထားခဲ့တဲ့ ၅၄၉ ဦးထက် ပိုမိုကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဩစတြေးလျမှာ COVID-19 ကြောင့် သေဆုံးသူဦးရေ ၁၈၉ ဦးရှိလာခဲ့ပြီး ၎င်းတို့အနက် ထက်ဝက်ကျော်ဟာ ဗစ်တိုးရီးယားပြည်နယ်နဲ့ ပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်စကော့မော်ရစ်ဆင်က ပြောပါတယ်။

ကူးစက်မှုများ စံချိန်သစ်တင် မြင့်တက်လာမှုဟာ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာတွေမှာ ကူးစက်မှုအများအပြား တွေ့ရှိရမှုနဲ့ ဆက်နွယ်နေကြောင်း ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒန်နီရယ်အန်ဒရူးက ဆိုပါတယ်။ ယနေ့ထုတ်ပြန်မှုအရ COVID-19 ကြောင့် သေဆုံးခဲ့သူတွေအနက် အများစုဟာ အသက် ၇၀ ကျော်မှ ၉၀ ကျော်အရွယ်တွေ ဖြစ်ပါတယ်။

(Photo: Reuters)

ဗစ်တိုးရီးယားပြည်နယ်မှ ကူးစက်မှုတွေဟာ ပြည်နယ်တွေကြား နယ်စပ်တွေ ပိတ်ထားခဲ့ပေမဲ့ အိမ်နီးချင်း ပြည်နယ်တွေကို ပျံ့နှံ့ရောက်ရှိသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ ကွင်းစ်လန်းပြည်နယ်မှာ COVID-19 အတည်ပြုလူနာသစ် သုံးဦး တွေ့ရှိလာခဲ့ရပြီး ၎င်းတို့ဟာ ဆစ်ဒနီမြို့မှာ ရှိနေခဲ့စဥ် ကူးစက်ခံခဲ့ရကြောင်း ယုံကြည်ရပါတယ်။ ကွင်းစ်လန်ပြည်နယ်က ဆစ်ဒနီမှ လူတွေကို ယမန်နေ့ (ဇူလိုင် ၂၉ ရက်) မှစပြီး ဝင်ခွင့်မပေးဘဲ နယ်စပ်ပိတ်ထားခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

ဩစတြေးလျဟာ ပိတ်ပင်ကန့်သတ်တဲ့ စီမံဆောင်ရွက်ချက်များ အလျင်အမြန် လုပ်ဆောင်ပြီး COVID-19 ကူးစက်မှု ထိန်းချုပ်ရေးကို အစောပိုင်းမှာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ချီးကျူးခဲ့ကြပါတယ်။ သို့သော် လက်ရှိမှာ ဗစ်တိုးရီးယားပြည်နယ်နဲ့ ပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့မှာ ကူးစက်မှုများ သိသိသာသာ ပြန်မြင့်တက်လာမှုကို ကြုံနေရပါတယ်။ လူဦးရေ ၂၅ သန်းကျော်ရှိတဲ့ ဩစတြေးလျမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၆,၀၀၀ ကျော် တွေ့ရှိထားပြီး ၁၈၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က