အသက်ရှင်နေသေးတဲ့ ဝေလငါးတွေကို ကယ်ဆယ်နိုင်ရေး ကြိုးပမ်းနေကြပါတယ်။

ဩစတြေးလျနိုင်ငံ တက်စ်မန်းနီးယားပြည်နယ် ကမ်းရိုးတန်းမှာ ယခုရက်ပိုင်းအတွင်း အစုအပြုံလိုက် သောင်တင်နေတဲ့ ဝေလငါး အကောင်ရေ ၄၇၀ အထိ တွေ့ရှိလာရပြီး အသက်ရှင်နေသေးတဲ့ ဝေလငါးတွေကို ကယ်ဆယ်နိုင်ရေး ကြိုးပမ်းနေကြပါတယ်။

(Photo: Bilal Rashid/Reuters)

တနင်္လာနေ့ (စက်တင်ဘာ ၂၁ ရက်) က တက်စ်မန်းနီးယား အနောက်ဘက်ကမ်းရိုးတန်းမှာ ဝေလငါး အကောင်ရေ ၂၇၀ သောင်တင်‌နေတာကို စတင်တွေ့ရှိခဲ့ပြီး နောက်ထပ် သောင်တင်နေတဲ့ ဝေလငါး အကောင်ရေ ၂၀၀ ကို တွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။



နောက်ထပ်တွေ့ရှိခဲ့တဲ့ ဝေလငါး အကောင်ရေ ၂၀၀ အနက် အများစုဟာ သေဆုံးနေပြီလို့ ယူဆရကြောင်း တာဝန်ရှိသူတွေက ယနေ့ (စက်တင်ဘာ ၂၃ ရက်) ဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေက ရေတိမ်ပိုင်းမှာ အသက်ရှင်လျက်ရှိနေဆဲ ဝေလငါးတွေကို ကယ်ဆယ်ရန် ကြိုးပမ်းနေကြကြောင်းလည်း BBC သတင်းက ဖော်ပြပါတယ်။

(Photo: Bilal Rashid/Reuters)

ပထမဆုံး တွေ့ရှိခဲ့တဲ့ ဝေလငါး အကောင်ရေ ၂၇၀ အုပ်စုမှ ၂၅ ကောင်ကို အင်္ဂါနေ့ (စက်တင်ဘာ ၂၂ ရက်) က ပင်လယ်ရေနက်ပိုင်းသို့ ပြန်လည်ပို့ဆောင် ကယ်ဆယ်ခဲ့ပြီး အချို့ကလည်း ဒီရေနဲ့အတူ ပင်လယ်ထဲသို့ ပြန်ရောက်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။ သောင်တင်နေတဲ့ ပထမအုပ်စုမှ ဝေလငါး အကောင်ရေ ၉၀ ထက်မနည်းကတော့ သေဆုံးသွားခဲ့ပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းအရ သောင်တင်နေခဲ့တဲ့ ဝေလငါး အကောင်ရေ ၃၈၀ ခန့် သေဆုံးသွားခဲ့ပြီး ၁၀၈ ကောင်ကို ပင်လယ်ထဲသို့ ပြန်လွှတ်ပေးကာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပိုင်းလော့ဝေလငါးများ (pilot whales) ကမ်းခြေမှာ မည်သို့ သောင်တင်လာခဲ့ကြောင်း မသိရပါဘူး။ သောင်တင်လာတဲ့ ဝေလငါးတွေအနက်မှ အသက်ရှင်နေသေးတဲ့ ဝေလငါးတွေကို ကယ်ဆယ်နိုင်ရေး နည်းလမ်းမျိုးစုံဖြင့် စတင်ဆောင်ရွက်နေခဲ့ပြီး ရက်နဲ့ချီ ကြာမြင့်မယ်လို့ ပင်လယ်ပြင်ဆိုင်ရာ ဇီဝဗေဒပညာရှင်တွေက ဆိုပါတယ်။

(Photo: Getty Images)

တက်စ်မန်းနီးယားမှာ ဝေလငါးများ သောင်တင်မှုကို တွေ့ရလေ့ရှိပေမဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်း ယခုလောက်အထိ များပြားတဲ့ အရေအတွက် သောင်တင်မှုမျိုး မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ တက်စ်မန်းနီးယားရဲ့ အစွန်းအဖျားရှိ Macquarie Heads ကျွန်းဆယ်ရဲ့ သဲသောင်ပြင်တစ်လျှောက် အစုအပြုံလိုက် သောင်တင်နေတဲ့ ဝေလငါးအုပ်စုသုံးခုကို တွေ့ရခဲ့ကြောင်း Tasmanian Maritime Conservation Program မှ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ယခုသောင်တင်နေတဲ့ ပိုင်းလော့ဝေလငါးတွေဟာ အရှည် ၂၃ ပေနဲ့ အလေးချိန် တန်အထိ ကြီးထွားနိုင်ပါတယ်။ ဝေလငါးတွေဟာ ဩစတြေးလျနဲ့ နယူးဇီလန် ကမ်းရိုးတန်းမှာ ရာသီအလိုက် အစုန်အဆန် ရွှေ့ပြောင်းကျက်စားလေ့ရှိကြတယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း နယူးဇီလန်မှာ ဝေလငါးအကောင်ရေ ၂၀၀ ကျော် သောင်တင်သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က