ကိုဗစ်ကာလ ကြောက်လန့်တကြား ဝယ်ယူမှု၊ မိုးနည်းခြင်းနဲ့ ခြောက်သွေ့ခြင်းတို့က ဆန်ပြတ်လပ်မှုနဲ ဆက်နွယ်နေပါတယ်။

ဩစတြေးလျနိုင်ငံမှာ ဆန်ပြတ်လပ်မှုကြုံနေရပြီး ပြည်တွင်းစိုက်ပျိုးထုတ်လုပ်တဲ့ဆန်များ လာမယ့် ခရစ္စမတ်ကာလမှာ ကုန်သွားနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ 

COVID-19 ကူးစက်ဖြစ်ပွားမှုကာလ ကြောက်လန့်တကြား ဝယ်ယူမှု၊ မိုးရွာသွန်းမှု လျော့နည်းခြင်းနဲ့ ခြောက်သွေ့တဲ့ အခြေအနေတို့က ဆန်ပြတ်လပ်မှုနဲ ဆက်နွယ်နေပါတယ်။ ပြည်တွင်းဆန်ထုတ်လုပ်မှု ဆက်လက်လျော့နည်းနေပါက ဗီယက်နမ်မှ တင်သွင်းတဲ့ဆန်ကို ဝယ်ယူစားသုံးကြရလိမ့်မယ်လို့ ဩစတြေးလျရဲ့ ဆန်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ SunRice အမှုဆောင်အရာရှိချုပ် ရော့ဘ်ဂေါ်ဒွန်က သတိပေးခဲ့ပါတယ်။



"ကျွန်တော်တို့ ဩစတြေးလျဆန် ပြတ်လပ်သွားတော့မှာပါ၊ ဗီယက်နမ်အပါအဝင် ကျွန်တော်တို့ရဲ့ ဆန်တင်ပို့တဲ့ နိုင်ငံတွေက ဩစတြေးလျဆန်ပြတ်လပ်မှုကို ဖြည့်ဆည်းပေးနိုင်ပါတယ်၊ ဒါကြောင့် အရောင်းဆိုင်တွေမှာ ဆန်တွေရှိနေအုံးမှာပါ၊ ဒါပေမဲ့ ဩစတြေးလျဆန်တော့ မဟုတ်ဘူးပေါ့" လို့ ဂေါ်ဒွန်က ပြောပါတယ်။

မိုးရေချိန်လျော့နည်းမှု၊ ခြောက်သွေ့တဲ့ရာသီဥတုနဲ့ COVID-19 ကြောင့် စိုးရိမ်တကြီး ဝယ်ယူမှုတွေ အားလုံးက ဆန်ပြတ်လပ်မှုနဲ့ ဆက်နွယ်နေခဲ့ပါတယ်။ ဩစတြေးလ ဆန်ကုမ္ပဏီကြီး SunRice ဟာ ဆန်ပြည်ပတင်ပို့မှုမှာလည်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် New South Wales (NSW) Riverina နယ်မြေရှိ SunRice ရဲ့ ဝန်ထမ်းအင်အား သုံးပုံတစ်ပုံကိုလည်း အလုပ်ရပ်နားခဲ့ရပါတယ်။

ထိုနယ်မြေဟာ ဩစတြေးလျရဲ့ အကြီးဆုံး ဆန်ထုတ်လုပ်မှုနေရာတွေအနက် ပါဝင်ပါတယ်။ ယခုနှစ်ဟာ ဩစတြေးလျမှာ ဆန်စပါးစိုက်ပျိုးရေးမကောင်းတဲ့ နှစ်တစ်နှစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ မိုးနည်းမှုနဲ့ ခြောက်သွေ့တဲ့ ရာသီဥတု အခြေအနေတွေကြောင့် ၂၀၁၇ ခုနှစ်မှစပြီး ဆန်စပါးထွက်ရှိမှု ၉၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ပါတယ်။

SunRice ကုမ္ပဏီဟာ ယမန်နှစ်မှာ ဆန်ထုတ်လုပ်မှု ဒုတိယမြောက် အနည်းဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ SunRice ဟာ ယမန်နှစ်အတွင်း ဆန်တန်ချိန် ၅၄,၀၀၀ မျှသာ ထုတ်လုပ်နိုင်ခဲ့ပြီး ပုံမှန်အခြေအနေမှာ ထုတ်လုပ်ခဲ့တဲ့ တန်ချိန် ၈၀၀,၀၀၀ ထက် များစွာလျော့နည်းခဲ့တာလည်း ဖြစ်ပါတယ်။ လယ်သမားတွေကလည်း ရာသီဥတုဆိုးရွားမှုကြောင့် ဆန်စပါးအထွက်နှုန်း ညံ့ဖျင်းခဲ့ကြောင်း ပြောကြပါတယ်။

ယခုနှစ် ဆန်းစပါးစိုက်ပျိုးရာသီမှာ ဆည်ရေ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။ "ကျွန်မတို့ရဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ၉၈ ရာခိုင်နှုန်းက တောင်ပိုင်း NSW မှာပါ၊ ပြီးခဲ့တဲ့ ၂ နှစ်က အဲဒီ နေရာဒေသမှာ ဆည်ရေ မရရှိခဲ့တာကြောင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုက ပြိုလဲမယ့်အန္တရာယ် ကြုံနေရပါတယ်" လို့ NSW ရေအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး Melinda Pavey က ပြောပါတယ်။

Source: Sky News, Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က