ကလေးတွေဟာ အလွန်အမင်း ပူပြင်းမှုဒဏ်ကို ခံစားခဲ့ရတဲ့ လက္ခဏာတွေ့ရပါတယ်။
Ko John

ဩစတြေးလျနိုင်ငံမှာ ပူလောင်နေတဲ့ ကားတစ်စီးအတွင်း ကလေးငယ်နှစ်ဦး သေဆုံးလျက်သားတွေ့ရပြီးနောက် မိခင်ဖြစ်သူကို လူသတ်မှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။

(လူသတ်မှုဖြင့် စွဲချက်တင်ခံရသည့် ကာရီအန်း) (Photo: Kerri-Ann Conley/Facebook)

စနေနေ့ (နိုဝင်ဘာ ၂၃ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က ကွင်းစ်လန်းပြည်နယ်မှာ ကားအတွင်း သေဆုံးနေတဲ့ အသက်တစ်နှစ်နဲ့ နှစ်နှစ်အရွယ် မိန်းကလေးနှစ်ဦးကို ရဲအရာရှိတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကလေးနှစ်ဦးဟာ ကားအတွင်း မည်မျှကြာတဲ့အထိ ရှိနေခဲ့ကြကြောင်းကိုတော့ အတိအကျ မသိရသေးပါဘူး။

ကလေးတွေဟာ အလွန်အမင်း ပူပြင်းမှုဒဏ်ကို ခံစားခဲ့ရတဲ့လက္ခဏာတွေ့ရတယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ရဲအရာရှိတွေက ဘရစ္စဘိန်းမြို့အနီး မြို့ငယ်တစ်ခုရှိ နေအိမ်အပြင်ဘက်မှာ အဆိုပါကားကို တွေ့ရှိခဲ့စဥ် အပူချိန်ဟာ ၃၁ ဒီဂရီဆဲလ်စီးယပ် ဖြစ်နေခဲ့ကြောင်းလည်း သိရပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ကလေးနှစ်ဦးရဲ့မိခင် အသက် ၂၇ နှစ်အရွယ် ကာရီအန်းကွန်လေးကို လူသတ်မှုဖြင့် စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။

(ကားအတွင်း သေဆုံးခဲ့သည့် ကလေးနှစ်ဦး) (Photo: Nine)

ကွင်းစ်လန်းပြည်နယ်မှာ လူသတ်မှုအဓိပ္ပါယ်ဖွင့်ဆိုချက်ကို သတ်မှတ်ရာမှာ မဆင်မခြင် ပေါ့ဆမှုကြောင့် လူသေဆုံးမှုကိုလည်း ထည့်သွင်းသတ်မှတ်ခဲ့ပြီးနောက်ပိုင်း ကာရီအန်းဟာ ထိုသို့သောအမှုဖြင့် ပထမဆုံး စွဲချက်တင်ခံရသူ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ အမျိုးသမီးကို မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်း လက်ဝယ်တွေ့ရှိမှုဖြင့်လည်း စွဲချက်တင်ခဲ့ကြောင်း ဩစတြေးလျသတင်းဌာန ABC က ဖော်ပြပါတယ်။

(ကားအတွင်းပိုင်းကို မှတ်တမ်းရယူစဥ်) (Photo: Nathan Richter/Daily Mail Australia)

ကလေးများ သေဆုံးမှုဟာ လုံးဝ ကြေကွဲဖွယ်အဖြစ်ဆိုးတစ်ခုလို့ ပြောကြားခဲ့ပြီး ကလေးသူငယ် ဘေးကင်းလုံခြုံရေးဌာနက ယခုအမှုကို စုံစမ်းစစ်ဆေးပြီး သုံးသပ်သွားမယ်လို့ ကွင်းစ်လန်းပြည်နယ် ဝန်ကြီးချုပ် အန်နာစတက်စီယာက ဆိုပါတယ်။ ကလေးတွေကို တွေ့ရှိရပြီးနောက် ကွင်းစ်လန်းရဲတပ်ဖွဲ့က ဆေးဘက်ဝန်ထမ်းတွေကို အရေးပေါ်ခေါ်ယူခဲ့ပြီး အသက်ကယ်နိုင်ရန် ကြိုးပမ်းခဲ့ကြသေးပေမဲ့ ၎င်းတို့ဟာ ကားထဲမှာပင် သေဆုံးနေခဲ့ကြတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က