အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ပြီး နေအိမ် ၁၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
Ko John

ဩစတြေးလျမှာ စံချိန်တင်အရေအတွက် တောမီးလောင်မှုများ ဆက်လက် ဖြစ်ပွားနေပြီး ထောင်နဲ့ချီတဲ့ မီးသတ်သမားတွေက မီးကိုထိန်းချုပ်နိုင်ရန် အသည်းအသန် ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

(Photo: AAP Image)

တောမီးလောင်မှု ၁၀၀ ကျော် ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ အနည်းဆုံး လူသုံးဦး သေဆုံးကာ နေအိမ် ၁၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ သောကြာနေ့ (နိုဝင်ဘာ ၈ ရက်) က တောမီးလောင်နေမှုကို အရေးပေါ်အခြေအနေ သတ်မှတ်ထုတ်ပြန်ထားခဲ့ပြီး သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာနိုင်ဖွယ်ရှိနေသေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

New South Wales နဲ့ Queensland ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ မကြံစဖူး တောမီးလောင်မှုများအတွင်း လူငါးဦး ပျောက်ဆုံးနေတယ်လို့ ယနေ့ (နိုဝင်ဘာ ၁၀ ရက်) မနက်ပိုင်း Sky News သတင်းက ဖော်ပြပါတယ်။ ဩစတြေးလျမှာ တောမီးလောင်နေမှုကို မီးသတ်သမား ၁,၃၀၀ က ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေပြီး ရာနဲ့ချီအရေအတွက်ရှိ အရပ်သား စေတနာ့ဝန်ထမ်းတွေကလည်း ပါဝင်ကူညီနေကြကြောင်း သိရပါတယ်။

(Photo: AFP)

တောမီးငြှိမ်းသတ်ရန်အတွက် အခြေအနေပေါ်မူတည်ပြီး စစ်တပ်ကိုပါ ပါဝင်ကူညီရန် ခေါ်ရနိုင်တယ်လို့ ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဆိုပါတယ်။ တောမီးလောင်မှုအခြေအနေဟာ ပိုမိုပြင်းထန်လာနိုင်ပြီး အကြီးဆုံးမြို့ဖြစ်တဲ့ ဆစ်ဒနီအပါအဝင် ဩစတြေးလျရဲ့ လူဦးရေအထူထပ်ဆုံး New South Wales ပြည်နယ်တစ်လျှောက် မီးအန္တရာယ်ပိုရှိလာနိုင်ကြောင်း New South Wales Rural Fire Service (NSW RFS) က ယနေ့ သတိပေးခဲ့ပါတယ်။

(Photo: AAP Image)

"အလွန်များပြားတ့ မီးလောင်မှုတွေ ဖြစ်ပွားနေခဲ့ပြီး အိမ်တွေနဲ့ လူတွေ အန္တရာယ်ရှိလာပါလိမ့်မယ်" လို့ NSW RFS က Twitter မှာ ပြောထားပါတယ်။ ယနေ့မနက်ပိုင်းအထိ အခြေအနေတွေအရ New South Wales ပြည်နယ်မှာ တောမီးလောင်မှု ၇၀ ကျော် ဖြစ်ပွားနေခဲ့ပြီး မီးလောင်မှု ၃၆ ခုကို မထိန်းချုပ်နိုင်သေးပါဘူး။ ထို့အတူ Queensland ပြည်နယ်မှာလည်း တောမီးလောင်မှု ၅၀ ကျော် ဖြစ်ပွားနေခဲ့ပြီး ပြည်နယ်အတွင်း နေရာ ၄၂ ခုမှာ မီးအသုံးမပြုရန် တားမြစ်ထားပါတယ်။

(Photo: AAP Image)

Australian Broadcasting Corporation (ABC) သတင်းဌာနရဲ့ အဆိုအရ Queesnland ပြည်နယ်မှာ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း နေအိမ် ၅,၀၀၀ နီးပါးကနေ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ဩစတြေးလမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုးပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Port Macquarie ဒေသမှာ တောမီးလောင်မှုမှ မီးခိုးများက ၂၃၆ မိုင်အကွာရှိ ဆစ်ဒနီမြို့အထိ ပျံ့နှံ့ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။





ဆက်စပ်အကြောင်းအရာများ


က္က