ဩစတြေးလျမြို့တော်ရဲ့ လေထုအရည်အသွေးဟာ ယခုသီတင်းပတ်မှာ ကမ္ဘာ့အဆိုးဆုံး ဖြစ်ခဲ့ပါတယ်။

နိုင်ငံတစ်ဝှမ်း ပျက်စီးဆုံးရှုံးမှု အကြီးအကျယ်ဖြစ်စေတဲ့ တောမီးလောင်မှုတွေဟာ နောက်ထပ် လနဲ့ချီကြာ ဆက်လက် ဖြစ်ပွားနေနိုင်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က သတိပေးပြောကြားပါတယ်။

(ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရင်ဆင်) (Photo: James ROSS / POOL / AFP)

ဝန်ကြီးချုပ်မော်ရင်ဆင်ဟာ တောမီးပြဿနာကို ဖြေရှင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အပြင်းအထန် ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ဩစတြေးလျမှာ ယမန်နှစ် စက်တင်ဘာလကတည်းက စတင်ဖြစ်ပွားနေခဲ့တဲ့ တောမီးလောင်မှုများအတွင်း လူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။



တောမီးလောင်မှုမှ မီးခိုးငွေ့တွေကြောင့် ဩစတြေးလျမြို့တော် ကန်ဘာရာမြို့ရဲ့ လေထုအရည်အသွေးဟာ ယခုသီတင်းပတ်မှာ ကမ္ဘာ့အဆိုးဆုံး ဖြစ်လာခဲ့ပါတယ်။ ယခုသီတင်းပတ်အတွင်းမှာ ဩစတြေးလျတောမီးဟာ အဆိုးဆုံးအခြေအနေ ဖြစ်လာခဲ့ပြီး လူသေဆုံးမှု၊ တောရိုင်းတိရိစ္ဆာန်သေဆုံးမှုနဲ့ နောက်ထပ် ရာနဲ့ချီတဲ့ နေအိမ်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: Andrew Quilty)

ဩစတြေးလျ ကျေးလက်ဒေသမှ မြို့ငယ်တွေနဲ့ မြို့ကြီးတွေမှာ တောမီးကြောင့် အနီရောင်ကောင်းကင်ဖြစ်သွားမှု၊ ပြာမှုန်များကျရောက်မှုနဲ့ လေထုအတွင်း မီးခိုးများဖုံးလွှမ်းနေမှုတွေ ကြုံနေခဲ့ရပါတယ်။ ဗစ်တိုးရီးယားနဲ့ New South Wales ပြည်နယ်တွေမှာ အပူချိန်နဲ့ လေပြင်းတိုက်မှု လျော့နည်းသွားပြီးနောက် ယမန်နေ့ (ဇန်နဝါရီ ၅ ရက်) က တောမီးလောင်မှု အရှိန်လျော့ကျခဲ့ပါတယ်။

ယနေ့ (ဇန်နဝါရီ ၆ ရက်) မှာတော့ တောမီးလောင်နေတဲ့ ဩစတြေးလျ နေရာဒေသတွေမှာ မိုးရွာသွန်းမှုရှိလာခဲ့ပေမဲ့ တောမီးအန္တရာယ်ဟာ မပြီးဆုံးနိုင်သေးကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှု ၂၀၀ နီးပါး ဆက်လက် ဖြစ်ပွားနေပြီး နိုင်ငံရဲ့ ပြည်နယ်နဲ့ ဒေသအားလုံးကို တောမီးသက်ရောက်မှုရှိနေခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြေဧက အနည်းဆုံး ၁၀ သန်းကျော်မှာ တောမီးများ ကူးစက်လောင်ကျွမ်းခဲ့ပြီး နေအိမ် ၁,၂၀၀ ကျော် ပျက်စီးခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: AAP Image)

ထိုအတောအတွင်း တောမီးငြှိမ်းသတ်ရေးရန်ပုံငွေတစ်ရပ်ကို ဩစတြေးလျ ဟာသမင်းသမီး ဆီလက်စ်တီဘာဘာက စတင်ခဲ့ရာ ၄၈ နာရီအတွင်း ဩစတြေးလျဒေါ်လာ သန်း ၂၀ (အမေရိကန်ဒေါ်လာ ၁၃ သန်း) ကျော် လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ ယခုရက်ပိုင်းအတွင်း ပိုမို ပြင်းထန်ဆိုးရွားနေခဲ့တဲ့ ဩစတြေးလျတောမီးလောင်မှုကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းက ပိုမိုသိရှိကြပြီး ထိတ်လန့်တုန်လှုန်ခဲ့ရပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က