ခေတ်သစ်သမိုင်းမှာ အဆိုးဆုံး တောရိုင်းတိရိစ္ဆာန် ဘေးအန္တရာယ်ကျရောက်မှုတွေအနက် တစ်ခုဖြစ်ခဲ့ပါတယ်။
Ko John

ပျက်စီးဆုံးရှုံးမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့တဲ့ ယမန်နှစ် ဩစတြေးလျနိုင်ငံ တောမီးလောင်မှုအတွင်း တိရိစ္ဆာန်အကောင်ရေ ၃ ဘီလီယံနီးပါး သေဆုံး သို့မဟုတ် ကျက်စားနေရာ စွန့်ခွာခဲ့ကြရတယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာမှုအစီရင်ခံစာမှာ ပြောပါတယ်။

(Photo: Getty Images)

ယခုဖြစ်ရပ်က ခေတ်သစ်သမိုင်းမှာ အဆိုးဆုံး တောရိုင်းတိရိစ္ဆာန် ဘေးအန္တရာယ်ကျရောက်မှုတွေအနက် တစ်ခုဖြစ်ခဲ့ကြောင်း အစီရင်ခံစာကို ပြုစုခဲ့တဲ့ World Wide Fund for Nature (WWF) အဖွဲ့အစည်းက ဆိုပါတယ်။ ယမန်နွေရာသီက ဩစတြေးလျနိုင်ငံရဲ့ ပြည်နယ်တိုင်းမှာ တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။



ထိုတောမီးလောင်မှုများအတွင်း နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ငှက်များနဲ့ ဖားများ သေဆုံးခဲ့ သို့မဟုတ် စားကျက်နေရာ ဆုံးရှုံးသွားခဲ့ပါတယ်။ ဩစတြေးလျ တောမီးလောင်မှု အခြေအနေ အဆိုးဆုံးဖြစ်ခဲ့တဲ့ ဇန်နဝါရီလအတွင်း New South Wales နဲ့ Victoria ပြည်နယ် နှစ်ခုတည်းမှာပင် တိရိစ္ဆာန်အကောင်ရေ ၁.၂၅ ဘီလီယံ သေဆုံးခဲ့ကြောင်း သိပ္ပံပညာရှင်တွေက ခန့်မှန်းထားခဲ့ကြပါတယ်။

(Photo: Getty Images)

သို့သော် အသစ်ခန့်မှန်းချက်ကို ပိုမိုကြီးမားတဲ့ ဧရိယာတစ်ခုအတွင်း တိရိစ္ဆာန်များ သေဆုံးမှုကို ခန့်မှန်းခဲ့တာလည်း ဖြစ်ပါတယ်။ ဩစတြေးလျမှာ ယမန်နှစ် စက်တင်ဘာလမှ ယခုနှစ် ဖေဖေါ်ဝါရီလအထိ အင်္ဂလန်နိုင်ငံ အရွယ်အစားနဲ့ နှိုင်းယှဥ်နိုင်တဲ့ မြေဧရိယာ ၂၈.၃ သန်းမှာ တောမီးများလောင်ကျွမ်းခဲ့ပါတယ်။

"တောမီးလမ်းကြောင်းတစ်လျှောက် မူရင်းဒေသနေ တိရိစ္ဆာန် ၃ ဘီလီယံနီးပါး သေဆုံးခဲ့တယ်ဆိုတာ တွေးကြည့်ရင် ဒါက တစ်ကယ့်ကို အလွန်ကြီးမားတဲ့ ပမာဏပါ၊ ရေတွက်ဖို့တောင် ခက်ခဲတဲ့ အရေအတွက်ပါပဲ" လို့ ဩစတြေလျးတက္ကသိုလ်များမှ သိပ္ပံပညာရှင် ၁၀ ဦး ပြုလုပ်ခဲ့ကြတဲ့ ယခု လေ့လာမှုအစီရင်ခံစာ ပရော့ဂျက်ကို ကြီးကြပ်ခဲ့သူ ပါမောက္ခခရစ်ဒစ်ခ်မန်းက ပြောပါတယ်။

တောမီးကြောင့် သေဆုံးခဲ့တဲ့ တိရိစ္ဆာန်အရေအတွက် အတိအကျကို မပြောနိုင်သေးကြောင်း၊ သို့သော် အစားအစာနဲ့ ခိုလှုံစရာနေရာ မရှိတာကြောင့် တိရိစ္ဆာန်တွေ တောမီးက‌နေ လွတ်မြောက်ရှင်သန်နိုင်ရန် အခွင့်အရေး ကြီးကြီးမားမား မရှိဘူးလို့ ၎င်းကဆိုပါတယ်။ သိပ္ပံပညာရှင်တွေ ယခု ခန့်မှန်းဖော်ပြထားတဲ့ တိရိစ္ဆာန်သေဆုံးမှု အရေအတွက်ဟာ တောမီးလောင်မှုကြီး မဖြစ်ပွားမီက ရှိနေခဲ့တဲ့ တိရိစ္ဆာန်အရေတွက်ကို အခြေခံထားတာလည်း ဖြစ်ပါတယ်။

တောမီးကြောင့် သေဆုံးတဲ့ တိရိစ္ဆာန်အရေအတွက်ကို ခန့်မှန်းရာမှာ အချက်အလက် အကန့်အသတ်ရှိပြီး ကျောရိုးမဲ့တိရိစ္ဆာန်များ၊ ငါးနဲ့ လိပ်တွေ မပါဝင်ခဲ့ပါဘူး။ တောမီးလောင်မှုအပြီးမှာ တိရိစ္ဆာန်မျိုးစိတ် ၁၁၃ ခုဟာ အရေးပေါ် အကူအညီ လိုအပ်ခဲ့ကြောင်း ဩစတြေးလျအစိုးရက ဖေဖေါ်ဝါရီလအတွင်း ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: Getty Images)

ထိုမျိုးစိတ်တွေဟာ ဩစတြေးလျ တောင်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ၎င်းတို့ရဲ့ စားကျနေရာ ၃၀ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ရပါတယ်။ ကိုအာလာဝက်ဝံများ၊ သားပိုက်ကောင်အငယ်စားများ (wallaby)၊ ငှက်၊ ငါးနဲ့ ဖားမျိုးစိတ်တွေဟာ အကူအညီ အလိုအပ်ဆုံးဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ပြောခဲ့ပါတယ်။

ဩစတြေးလျအစိုးရက တောရိုင်းတိရိစ္ဆာန်များ ရှင်သန်ကျက်စားရာ နေရာတွေ ပြန်လည်ဖော်ဆောင်ရန် အမေရိကန်ဒေါ်လာ ၃၅ သန်း ကျခံသုံးစွဲသွားမယ်လို့ ကတိပြုထားပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေကတော့ ဩစတြေးလျအစိုးရကို သဘာဝပတ်ဝန်ကျင်း ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေများကို ပိုမိုပြင်းထန်တင်းကျပ်ရန် တောင်းဆိုခဲ့ကြပါတယ်။

(Photo: Sean Deavy/EPA-EFE)

ဩစတြေးလျတောမီးနဲ့ ပတ်သက်ပြီး ကော်မရှင်တစ်ရပ်ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးနေပြီး လာမယ့် အောက်တိုဘာလမှာ တွေ့ရှိချက်တွေကို အစီရင်ခံရမှာ ဖြစ်ပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှု အကြိမ်ရေနဲ့ မီးလောင်မှုအခြေအနေ ပြင်းထန်မှု မကြုံစဖူး ဖြစ်ပွားရခြင်းဟာ ရာသီဥတုပြောင်းလဲမှုရဲ့ ရလဒ်တစ်ခုဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ တောမီးလောင်မှုမှ မီးခိုးငွေ့တွေကလည်း သေဆုံးမှု ၄၄၅ ခုနဲ့ ဆက်နွယ်နေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Ko John

    Editorial Advisor at Duwun


က္က