မီးသတ်တပ်ဖွဲ့ဝင်တွေကို အဆုံးစွန် သစ္စာဖောက်ခြင်းဖြစ်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

ဩစတြေးတောမီးကို ဝိုင်းဝန်းငြှိမ်းသတ်နေတဲ့ စေတနာ့ဝန်ထမ်း မီးသတ်သမားတစ်ဦးအား တောမီးလောင်မှုအတွင်း တမင်ရည်ရွယ်မီးရှို့မှုဖြင့် တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

(Photo: Nick Moir)

New South Wales (NSW) ပြည်နယ် ဆစ်ဒနီမြို့တောင်ဘက် နယ်မြေတစ်ခုအတွင်း မီးရှို့ခဲ့မှုဖြင့် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ယခုလုပ်ရပ်ဟာ ယခင်ကတည်းက တောမီးငြှိမ်းသတ်ရာမှာ အလွန့်အလွန် အားစိုက်ကြိုးပမ်းနေကြရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို အဆုံးစွန် သစ္စာဖောက်ခြင်းဖြစ်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။



ဩစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်းမှာ စက်တင်ဘာလကတည်းက စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးလောင်မှုတွေကြောင့် လူခြောက်ဦး သေဆုံးခဲ့ပြီး နေအိမ် ၆၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ တမင်ရည်ရွယ်မီးရှို့မှုကြောင့် ဖမ်းဆီးလိုက်တဲ့ အမျိုးသားကိုတော့ လူသေဆုံးမှုတွေအတွက် စွဲချက်မတင်ခဲ့ပါဘူး။

(Photo: ABC)

တောမီးလောင်မှုတွေကို ငြှိမ်းသတ်ရန်အတွက် NSW ကျေးလက်မီးသတ်ဌာနက ကမ္ဘာ့အကြီးဆုံး စေတနာ့ဝန်ထမ်း မီးသတ်အဖွဲ့ကို စီစဥ်ခဲ့ရပါတယ်။ "ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ခက်ခဲပြီး အန္တရာယ်ရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ များပြားလှတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ဂုဏ်သတင်းနဲ့ အပြင်းအထန် ကြိုးပမ်းလုပ်ဆောင်မှုကို ထိခိုက်စေတဲ့လုပ်ရပ်ကို တစ်ယောက်ယောက်က လုပ်ဆောင်မှုအတွက် ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေက ဒေါသထွက်ကြမှာ တရားနည်းလမ်းကျပါတယ်" လို့ NSW ကျေးလက်မီးသတ်ဌာနအကြီးအကဲ ရှိန်းဖစ်ဇ်ဆမ်မွန်စ်က ယနေ့ (နိုဝင်ဘာ ၂၇ ရက်) ပြောပါတယ်။

(Photo: Dean Lewins/Manila Bulletin/EPA-EFE)

ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက Bega Valley ဒေသမှာ တမင်ရည်ရွယ် မီးရှို့ခဲ့မှုဖြစ်ကြောင်း ယုံကြည်ရတဲ့ ရုတ်တရက် မီးတောက်လောင်မှုတွေကို စုံစမ်းစစ်ဆေးနေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အင်္ဂါနေ့ (နိုဝင်ဘာ ၂၆ ရက်) မှာတော့ ထိုဒေသအတွင်းရှိ မြစ်တစ်စင်းဘေးမှာ ရပ်နားထားတဲ့ ကားအတွင်း အမျိုးသားတစ်ဦး ထိုင်နေတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

ထို့နောက် မကြာမီပင် အဆိုပါနေရာမှ မီးခိုးများထွက်လာပြီး မြက်ပင်နဲ့ သစ်ပင်များ မီးလောင်နေမှုကို တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ "စေတနာ့ဝန်ထမ်း မီးသတ်သမားအဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသားက အဲဒီနေရာမှာ တမင်မီးရှို့ထားခဲ့ပြီးတော့ သူတာဝန်ကျတဲ့နေရာမှာ မီးငြှိမ်းဖို့ပြန်လာခဲ့တယ်လို့ ရဲတပ်ဖွဲ့က တရားရုံးမှာ စွပ်စွဲပါလိမ့်မယ်" လို့ NSW ရဲတပ်ဖွဲ့က ပြောပါတယ်။ ထိုအမျိုးသားကို ချက်ချင်းဖမ်းဆီးခဲ့ပြီနောက် ယနေ့ ရုံးထုတ်စစ်ဆေးကြောင်း သိရပါတယ်။

(Photo: Dean Lewins/AAP via Reuters)

NSW ပြည်နယ်မှာ တောမီးလောင်မှုတွေနဲ့ ပတ်သက်ပြီး Ebor ကျေးရွာမှ ၎င်းရဲ့ဆေးခြောက်စိုက်ခင်းကို ကာကွယ်ရန်အတွက် တမင်ရည်ရွယ် မီးရှိုခဲ့သူ အသက် ၅၁ နှစ်အရွယ် အမျိုးသားကိုလည်း နိုဝင်ဘာ ၁၆ ရက်နေ့က စွဲချက်တင်ခဲ့ပါသေးတယ်။ New South Wales နဲ့ အိမ်နီးချင်း Queesland ပြည်နယ်တွေမှာ အပြင်းအထန် လောင်ကျွမ်းခဲ့တဲ့ တောမီးလောင်မှုအချို့ဟာ တမင်ရည်ရွယ် မီးရှို့သူတွေကြောင့်ဖြစ်ကြောင်း ဩစတြေးလျ အာဏာပိုင်တွေက ကောက်ချက်ချထားပါတယ်။

ဩစတြေးလျမှာ တောမီးလောင်မှု ၁၂၀ ကျော် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး နိုင်ငံရဲ့ အဆိုးရွားဆုံး တောမီးရာသီ တွေ့ကြုံနိုင်ဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေက သတိပေးထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ ဩစတြေးလမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုးပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က