အောက်တိုဘာ ၁၂ ရက်မှစပြီး လေယာဉ်နဲ့ရထားခရီးစဉ်တွေ ရပ်ဆိုင်းထားမှာဖြစ်ပါတယ်။
Ko John

ဂျပန်နိုင်ငံကို အားအလွန်ကောင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းတစ်ခု ယနေ့ (အောက်တိုဘာ ၁၁ ရက်) ပိုမိုချဉ်းကပ်လာခဲ့ပြီး တိုကျိုမြို့တော်မှာ နှစ်ပေါင်း ၆၀ အတွင်း မိုးအသည်းထန်ဆုံးရွာသွန်းမှု ကြုံရမယ်လို့ခန့်မှန်းထားပါတယ်။ 

(ဂျပန်အလယ်ပိုင်းမှာ ရေလှိုင်းများရိုက်ခတ်နေမှု) (Photo: Toru Hanai/AP)

တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ် (Typhoon Hagibis) ဦးတည်ချဉ်းကပ်လာမှုကြောင့် ဂျပန်မှာ ကျင်းပပြုလုပ်တဲ့ ဖော်မြူလာဝမ်း ကားပြိုင်ပွဲ (Formula One Grand Prix) နဲ့ ကမ္ဘာ့ဖလားရက်ဘီပြိုင်ပွဲ (Rugby World Cup) များကို ရွှေ့ဆိုင်းဖျက်သိမ်းရမှုတွေလည်း ရှိခဲ့ပါတယ်။ မုန်တိုင်းကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

တိုင်ဖွန်ဟာဂီဘစ်ဟာ ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းမကြီး ကုန်းတွင်းပိုင်းကို စနေနေ့ (အောက်တိုဘာ ၁၂ ရက်) မှာ ဖြတ်သန်းတိုက်ခတ်မယ်လို့ ခန့်မှန်ထားပါတယ။ "တိုင်ဖွန်းဟာဂီဘစ်ကြောင့် စံချိန်တင် မိုးသည်းထန်မှုနဲ့ လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်" လို့ ဂျပန်မိုးလေဝသဌာန (Japan Meteorological Agency - JMA) က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

(ဆူဇူကာမြို့မှာတွေရသည့် ဖော်မြူလာဝမ်းပရိသတ်များ) (Photo: Reuters)

တိုင်ဖွန်းဟာဂီဘစ်ဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံ တိုကျိုမြို့တော်ကို ဖြတ်သန်းတိုက်ခတ်တဲ့ အားအကောင်းဆုံး မုန်တိုင်းဖြစ်လာနိုင်ပြီး အများပြည်သူအနေနဲ့ ရေလှိုင်းမြင့်တက်မှုနဲ့ မုန်တိုင်းဒီရေများအတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်းလည်း JMA က သတိပေးခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ပြည်သူများ ဘေးကင်းလုံခြုံရေးကို အစွမ်းကုန်လုပ်ဆောင်ကြရန် ၎င်းရဲ့ အစိုးရအဖွဲ့ကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ စူပါတိုင်ဖွန်းဟာဂီဘစ် ဝင်ရောက်မှာဖြစ်တာကြောင့် ဂျပန်မှာ ကျင်းပပြုလုပ်တဲ့ Formula One Grand Prix ကားပြိုင်ပွဲရဲ့ အောက်တိုဘာ ၁၂ ရက် လေ့ကျင့်မှုနဲ့ အရည်အချင်းစစ် စမ်းသပ်မောင်းနှင်မှု အစီအစဉ်အားလုံးကို ဖျက်သိမ်းထားပါတယ်။

(ဟာဂီဘစ် ဖြတ်သန်းမယ့် လမ်းကြောင်းပြမြေပုံ) (Map: WeatherUnderground)

အရည်အချင်းစစ် စမ်းသပ်မောင်းနှင်မှုတွေကို အောက်တိုဘာ ၁၃ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး နောက်ဆုံးအဆင့် ကားမောင်းပြိုင်ပွဲကိုတော့ မူလသတ်မှတ်ထားတဲ့အတိုင်း ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ စူပါတိုင်ဖွန်း ဟာဂီဘစ် ချဉ်းကပ်လာမှုကြောင့် အောက်တိုဘာ ၁၂ ရက်မှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလားရက်ဘီပွဲစဉ်နှစ်ပွဲကို ဖျက်သိမ်းထားခဲ့ပြီး အောက်တိုဘာ ၁၃ ရက်မှာ ဂျပန်နဲ့စကော့တလန်တို့ရဲ့ပွဲစဉ် ယှဉ်ပြိုင်ကစားရန်လည်း မသေချာသေးဘူးလို့ ဆိုပါတယ်။

ဂျပန်လေကြောင်းလိုင်းကုမ္ပဏီ Airline ANA Holdings က တိုကျိုမြို့ရှိ အဓိက လေဆိပ်နှစ်ခုမှာ ဆိုက်ရောက်နဲ့ထွက်ခွာမယ့် လေကြောင်းခရီးစဉ်တွေကို ယနေ့မွန်းလွဲပိုင်းမှစပြီး ဖျက်သိမ်းထားပါတယ်။ ထို့အတူ Japan Airlines ကလည်း အဓိကမြို့ကြီးတွေဖြစ်တဲ့ အိုဆာကာနဲ့ နာဂိုယာတို့ရှိ လေဆိပ်များမှာ ဆိုက်ရောက်နဲ့ထွက်ခွာမယ့် ပြည်တွင်းလေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းထားကြောင်း သိရပါတယ်။

(ဂျပန်အလယ်ပိုင်းမှာ ရေလှိုင်းများရိုက်ခတ်နေမှု) (Photo: AP)

ရထားကုမ္ပဏီတွေကလည်း တိုကျိုမြို့နဲ့ နာဂိုယာမြို့အကြား ဝန်ဆောင်မှုပေးနေတဲ့ ကျည်ဆန်ရထားများနဲ့ နာဂိုယာမြို့နဲ့ အိုဆာကာမြို့အကြား ရထားခရီးစဉ်အများစုကို အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းမှစပြီး ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ထားကြောင်း NKH သတင်းရုပ်မြင်သံကြားသတင်းက ပြောပါတယ်။

တိုင်ဖွန်းဟာဂီဘစ်ကြောင့် ဟွန်ရှူးကျွန်းရဲ့ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် အောက်တိုဘာ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ မုန်တိုင်းဒီရေများ တက်ရောက်နိုင်ပြီး မိုးသည်းထန်မှုကြောင့် ရေကြီးမြေပြိုမှုတွေလည်း ဖြစ်ပေါ်နိုင်ကြောင်း NHK က ဖော်ပြပါတယ်။ စူပါတိုင်ဖွန်း ဟာဂီဘစ်ရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၂၄ မိုင်အထိ ပြင်းထန်နိုင်တယ်ကြောင်း မိုးလေဝသဝက်ဘ်ဆိုက် Weather Underground က ယနေ့ ထုတ်ပြန်ထားတဲ့ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းပြမြေပုံမှာ ခန့်မှန်းဖော်ပြထားတာ တွေ့ရပါတယ်။

(တိုကျိုမှာ ရထားခရီးစဉ်များ ရပ်ဆိုင်းထားမယ့် ကြေညာမှု) (Photo: Reuters)

ဂျပန်နိုင်ငံကို လတ်တလော နှစ်များအတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်းများအနက် အပါအဝင်ဖြစ်ခဲ့တဲ့ တိုင်ဖွန်း Faxai ဝင်ရောက်တိုက်ခတ်ပြီး တစ်လအကြာမှာ နောက်ထပ် မုန်တိုင်းတစ်ခု ထပ်မံ တိုက်ခတ်မှာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့က ဂျပန်ကို တိုင်ဖွန်း Faxai ဝင်ရောက်တိုက်ခတ်ခဲ့ရာ နေအိမ် ၃၀,၀၀၀ ကျော်ပျက်စီးမှုတွေဖြစ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ရက်အတန်ကြာ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်းက တိုင်ဖွန်း Faxai တိုက်ခတ်မှုကို အပြင်းထန်ဆုံးခံခဲ့ရတဲ့ တိုကျိုအရှေ့ဘက် Chiba စီရင်စုမှ အစိုးရတာဝန်ရှိသူတွေက ဒေသခံတွေကို သုံးရက်စာအတွက် အစားအစာနဲ့ရေများ စုဆောင်းထားကြရန် ပြောထားပါတယ်။

(နာရီတာလေဆိပ်မှာ လေကြောင်းခရီးစဉ်ဖျက်သိမ်းထားမှု) (Photo: Kyodo)

Chiba စီရင်စုမှာ တိုင်ဖွန်း Faxai တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ် ၃၀,၀၀၀ ကျော်ကို ပြုပြင်နေမှုတွေ မပြီးသေးကြောင်းလည်း သိရပါတယ်။ ဂျပန်မှာ ၁၉၅၈ ခုနှစ်က စက်တင်ဘာလအတွင်းက တိုင်းဖွန်းမုန်တိုင်း အိုင်ဒါ (Typhoon Ida) တိုက်ခတ်ခဲ့မှုကြောင့် လူ ၁,၂၆၉ ဦး သေဆုံးခဲ့ဖူးပြီ ဂျပန်ကိုဝင်ရောက်တိုက်ခတ်တဲ့ လူသေဆုံးမှုအများဆုံး ခြောက်ခုမြောက် တိုင်ဖွန်းမုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


က္က