ဂျကာတာမြို့မှာ စုံတွဲ ၅၀၀ ကျော်ကို ကုန်ကျစရိတ်ပေးရန်မလိုဘဲ စုပေါင်းလက်ထပ်ပွဲ စီစဉ်ကျင်းပပေးခဲ့ပါတယ်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ၂၀၁၉ နှစ်သစ်ကို ကြိုဆိုမှုအဖြစ် စုံတွဲပေါင်း ၅၀၀ စုပေါင်းလက်ထပ်ပွဲမင်္ဂလာပွဲ ကျင်းပခဲ့ကြတယ်လို့ ဆိုပါတယ်။ မိုးရွာနေတဲ့ ဂျကာတာမြို့မှာ ယာယီတဲများထိုးပြီး စုံတွဲ ၅၀၀ ကျော်ကို ကုန်ကျစရိတ်ပေးရန်မလိုဘဲ စုပေါင်းလက်ထပ်ပွဲ စီစဉ်ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ ဂျကာတာမြို့ အာဏာပိုင်တွေက ယခု စုပေါင်းလက်ထပ်ပွဲကို ဆင်းရဲတဲ့ မိသားစုတွေအတွက်ရည်ရွယ်ပြီး စီစဉ်ကျင်းပပေးခဲ့ပါတယ်။

(Photo: AFP)

ဆင်းရဲတဲ့မိသားစုတွေဟာ တရားဝင်မွေးစာရင်း သို့မဟုတ် လက်ထပ်စာချုပ်တွေ မရှိကြတဲ့အဖြစ်တွေ မကြာခဏ တွေ့ရတယ်လို့လည်း ဆိုပါတယ်။ ဥပဒေအရ တရားဝင်အသိအမှတ်ပြု လက်ထပ်စာချုပ်တွေရှိမှသာ မိဘနဲ့ ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးကဲ့သို့ အများပြည်သူဝန်ဆောင်မှုတွေကို ရရှိနိုင်မှာဖြစ်တယ်လို့ ဂျကာတာမြို့တော်ဝန် Anies Baswedan က ပြောပါတယ်။



စုပေါင်းလက်ထပ်ပွဲကို နှစ်သစ်ကူးချိန်မှာ စီစဉ်ကျင်းပပေးခြင်းအပေါ် "ဒီအချိန်မှာ လက်ထပ်ပွဲကျင်းပတော့ သူတို့စုံတွဲတွေရော၊ လူတိုင်းရော တစ်ကမ္ဘာလုံးကပါ ဒီလက်ထပ်ပွဲကို မြင်တွေ့ရတာပေါ့" လို့ မြို့တော်ဝန်ကဆိုပါတယ်။ စုပေါင်းကျင်းတဲ့ လက်ထပ်ပွဲမှာ ပါဝင်ခဲ့တဲ့ Rohilah အမည်ရှိ အမျိုးသမီးက သူမဟာ ယခုအခါ Dahrun Hakim နဲ့ တရားဝင် လက်ထပ်ခဲ့ပြီဖြစ်ကြောင်း AFP သတင်းဌာနကို ပြောပါတယ်။

(Photo: AFP)

၎င်းတို့စုံတွဲမှာ အသက်လေးနှစ်အရွယ် သမီးလေးတစ်ဦးရှိထားပြီးလည်း ဖြစ်ပါတယ်။ ငွေကြေးအဆင်ပြေမတာကြောင့် ၎င်းတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ငါးနှစ်က ဗလီရှေ့ဆောင်ဆရာတစ်ဦးရှေ့မှောက်မှာ အစ္စလာမ်တရားတော်အရသာ လက်ထပ်ခဲ့ကြပြီး မင်္ဂလာပွဲကျင်းပကာ ဥပဒေအရ တရားဝင် လက်ထပ်နိုင်ခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။

(Photo: AFP)

"ကျွန်မ အရမ်းပျော်ပါတယ်၊ တစ်ကယ်ကို အရမ်းပျော်ရပါတယ်၊ အခုဆို ကျွန်မရဲ့သမီးလေးအတွက် တရားဝင် မွေးစာရင်းလုပ်လို့ရပြီလေ၊ ဒီလိုဆိုရင် သူ့ကို နိုင်ငံက တရားဝင် အသိအမှတ်ပြုလာတော့မှာပါ" လို့ Rohilah က ဖွင့်ဟခဲ့ပါတယ်။ ၂၀၁၉ နှစ်သစ်အကြို စီစဉ်ကျင်းပပေးခဲ့တဲ့ စုပေါင်းလက်ထပ်မင်္ဂလာပွဲမှာ အသက်အကြီးဆုံး စုံတွဲအဖြစ် အသက် ၇၆ နှစ်အရွယ် သတို့သားကြီးနဲ့ အသက် ၆၅ နှစ်အရွယ် သတို့သမီးတို့လည်း ပါဝင်ခဲ့ပါတယ်။

(Photo: AFP)

အသက်အငယ်ဆုံး စုံတွဲကတော့ ၁၉ နှစ်အရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဂျကာတာမြို့ အာဏာပိုင်တွေက ယခုကဲ့သို့ စုပေါင်းလက်ထပ်မင်္ဂလာပွဲ စီစဉ်ကျင်းပပေးခြင်းဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

နှစ်သစ်ကိုကြိုဆိုမှုအဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်မှုကိုတော့ မကြာသေးမီးက ဆူနာမီကြောင့် သေဆုံးခဲ့သူတွေကို လေစားတဲ့အနေနဲ့ ပြုလုပ်ခြင်းမရှိပါဘူး။ အင်ဒိုနီးရှားမှာ ဒီဇင်ဘာ ၂၂ ရက်နေ့က မီးတောင်ပေါက်ကွဲပြီးနောက် ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် လူ ၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က