မြို့မှာရှိတဲ့ နေအိမ်အားလုံးမှာ တံခါးတွေတပ်မထားပါဘူး။

အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ် အာမက်နက်ဂါဒေသရှိ ရှန်နီရှင်နပူးရ်မြို့က အကျယ်အဝန်း တစ်မိုင်အောက်မျှသာရှိတဲ့ မြို့ငယ်လေးဖြစ်ပြီး အိမ်ခြေ ၂၀၀ ခန့်သာရှိပါတယ်။ ဂါရဝပြုသူ လူအုပ်စုတွေက ဒီမြို့ငယ်လေးကိုလာရောက်ပြီး ဟိန္ဒူနတ်ဘုရား အရှင်ရှန်နီကို ဂါရဝပြုလေ့ရှိကြပါတယ်။

အရှင်ရှန်နီ ဂူဗိမာန်နေရာ (Photo: DNA India)

အိန္ဒိယနိုင်ငံမှာ ကြည်ညိုကိုင်းရှိုင်းမှုအရှိဆုံး နတ်ဘုရားဖြစ်တဲ့ အရှင်ရှန်နီရဲ့ ဂူဗိမာန်တည်ရှိနေတဲ့ မြို့လေးက နတ်ဘုရားကို ယုံကြည်ကိုးကွယ်သူတွေကြား ထင်ရှားလှပါတယ်။ ရှန်နီရှင်နပူးရ်မြို့ခံတွေကလည်း ရှန်နီနတ်ဘုရားကို ၎င်းတို့အား ကာကွယ်စောင့်ရှောက်သူအဖြစ် တညီတညွတ်တည်း အလေးအနက် ယုံကြည်ထားကြပါတယ်။



နတ်ဘုရားကို သက်ဝင်ယုံကြည်မှုအရ တံခါးတွေမရှိတဲ့မြို့

ဒါ့အပြင် အလွန်ထူးခြားမှုတစ်ခုကတော့ နှစ်ပေါင်း ၃၀၀ သက်တမ်းရှိ ဒဏ္ဍာရီအရ ရှန်နီရှင်နပူးရ်မြို့ငယ်လေးမှာရှိတဲ့ နေအိမ်အားလုံးမှာ တံခါများ တပ်ဆင်မထားကြတာကို တွေ့ရမှာပါ။ မြို့ခံတွေက သူတို့နဲ့သက်ဆိုင်သမျှ အရာအားလုံးကို အရှင်ရှန်နီက ကာကွယ်စောင့်ရှောက်ပေးတယ်လို့ ယုံကြည်ထားကြတာကြောင့် ဒီလို တံခါးတွေမတပ်ဘဲ နေကြတာဖြစ်ပါတယ်။

ရှန်နီရှင်နပူးရ်မြို့လေးမှာရှိတဲ့ အရှင်ရှန်နီ နတ်ဘုရားဂူဗိမာန်နေရာဟာ ၅ ပေနီးပါးမြင့်တဲ့ အနက်ရောင် ကျောက်သားတိုင်ကြီး စိုက်ထူထားပြီး လေးဘက်လေးတန်ကို ကာရံထားခြင်းမရှိပါဘူး။ အဆိုပါ ကျောက်သားတိုင်ကြီးအထက်မှာ မုန်ညှင်းဆီထည့်ထားတဲ့ ချိုင့်တစ်လုံး ချိတ်ဆွဲထားပြီး ကျောက်သားတိုင်ပေါ်ကို မုန်ညှင်းဆီများ အဆက်မပြတ် သွန်ကျနေစေပါတယ်။

တံခါးမရှိတဲ့ ရှန်နီရှင်နပူးရ်မြို့မှ နေအိမ် (Photo: Swati Jain)

အရှင်ရှန်နီ ဂူဗိမာန်ကျောက်သားတိုင်ကို ကိုးကွယ်ယုံကြည်သူတွေက ချိုးရေသပ္ပယ်တဲ့ အခမ်းအနားလည်း ပြုလုပ်လေ့ရှိကြပါတယ်။ ဂူဗိမာန်နေရာကို ၂၄ နာရီ တစ်နှစ်ပတ်လုံး ဖွင့်လှစ်ထားပါတယ်။ ဂူဗိမာန်ကို လာရောက်ကြတဲ့ ကိုးကွယ်ဆည်းကပ်သူနဲ့ ဂါရဝပြုသူ အများအပြားထံမှ စဉ်ဆက်မပြတ် လှူဒါန်းမှုတွေ ဂူဗိမာန်ကြီးကြပ်ရေးအဖွဲ့က ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ အရှင်ရှန်နီ ဂူဗိမာန် ထင်ရှားကျော်ကြားမှုနဲ့အတူ ရှန်နီရှင်နပူးရ်မြို့ခံတွေရဲ့ အဆိုပါ နုတ်ဘုရားအပေါ် ကိုးကွယ်ယုံကြည်မှုကလည်း ပိုမိုအားကောင်းလာခဲ့ကြပါတယ်။

အမြဲတမ်းဖွင့်ထားတဲ့ တံခါးပေါက်များ

ရှန်နီရှင်နပူးရ်မြို့ခံတွေက အဆောင်အယောင်မပါဘဲ ရိုးရှင်းတဲ့ နေအိမ်များဖြင့်သာ နေထိုင်ကြပြီး နေအိမ်တံခါးများမရှိဘဲ တံခါးကျည်းဘောင်များသာ တပ်ဆင်ထားလျက် ရာသီဥတုမရွေး တံခါးပေါက်တွေ ဖွင့်ထားကြပါတယ်။

နေအိမ်များအတွင်း လွတ်လပ်စွာ နေနိုင်ရန်အတွက် တံခါးများအစား လိုက်ကာများသာ တပ်ဆင်အသုံးပြုကြပါတယ်။ တစ်ခါတရံမှာတော့ တိရိစ္ဆာန်များ မျက်စိလည်လမ်းမှားပြီး ဝင်ရောက်လာခြင်းမရှိစေရန် တံခါးပေါက်အောက်ခြေ တစ်ဝက်ခန့်ကို သုံးထပ်သားဖြင့် ကာရံထားလေ့ရှိကြပါတယ်။

Photo: LA Times

မြို့ခံတွေက သူတို့ရဲ့ နေစဉ် ဝေယျာဝစ္စတွေနဲ့ လုပ်ငန်းဆောင်တာတွေကို သူတို့ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေ လုံခြုံစိတ်ချရရေး စိုးရိမ်ပူပန်မှုမရှိဘဲ သွားလာဆောင်ရွက်ကြပါတယ်။ နတ်ဘုရား အရှင်ရှန်နီကို သက်ဝင်ယုံကြည်တာကြောင့် ရက်နဲ့ချီပြီးကြာမြင့်တဲ့အထိ ခရီးထွက်ပေမဲ့လည်း သူတို့ရဲ့နေအိမ်ကို ကြည့်ရှုစောင့်ရှောက်ရန် အိမ်နီးချင်းတွေကို မှာကြားခဲ့ကြခြင်းပင်မရှိဘဲ စိတ်ချလက်ချထားခဲ့ပြီး ခရီးသွားလေ့ရှိကြပါတယ်။

လုံခြုံရေးစနစ်ဆိုတာ ယုံကြည်မှုပါ

"တစ်ယောက်ယောက်က မရိုးမသားလုပ်မယ်၊ ဒါမှမဟုတ် ဒီမြို့ထဲမှာ ခိုးဖို့ကြိုးစားမယ်ဆိုရင် အဲဒီလူဟာ အရှင်ရှန်နီရဲ့ အပြစ်ပေးမှုကနေ မလွတ်မြောက်နိုင်ပါဘူး၊ သူ့ရဲ့လုပ်ရပ် အကျိုးဆက်တွေကို ခံရမှာပါပဲ" လို့ ရှန်နီရှင်နပူးရ်မြို့လေးကို လာရောက်ကြသူတွေအတွက် တည်းခိုးခန်းဖွင့်ထားသူ ဒိုင်နက်စ်ဝါကူဒါလ်ကာက ပြောပါတယ်။

Photo: Swati Jain

"ကျွန်တော်တို့ ဒီလို လေးလေးနက်နက် ယုံကြည်မှုရှိတဲ့အချိန်မှာ ကျွန်တော်တို့ လုံခြုံရေးအတွက် အစီအစဉ်တွေလုပ်ဖို့ စိတ်ပူစရာ မလိုပါဘူး၊ သူတို့ရဲ့အိမ်တွေမှာ တံခါးတွေ၊ သော့တွေ တပ်ထားတဲ့သူတွေကို ဥပမာအနေနဲ့ ကြည့်လိုက်ပါ၊ သူတို့မှာ မတော်တဆမှုတွေ၊ စီးပွားရေး ဆုံးရှုံးမှုတွေ ဒါမှမဟုတ် ကံဆိုးမှုတွေ ကြုံကြရတယ်လေ၊ ကျွန်တော်တို့ရဲ့ ယုံကြည်သက်ဝင်မှုကို အဆုံးရှုံးမခံသင့်ပါဘူး၊ ကျန်တာကို အရှင်က စောင့်ရှောက်ပါလိမ့်မယ်" လို့လည်း ကူဒါလ်ကာက သူ့ရဲ့ယုံကြည်သက်ဝင်မှုကို အခိုင်အမာ ပြောခဲ့ပါတယ်။

အရှင်ရှန်နီ ဂူဗိမာန်ကို လာရောက်ဂါရဝပြုမှု

လက်ရှိမှာ အရှင်ရှန်နီ ဂူဗိမာန်ကို နေ့စဉ် လာရောက်ဂါရဝပြုသူ ၄၀,၀၀၀ ကျော်ရှိနေပါတယ်။ လဆန်းရက်တွေမှာတော့ ထိုပမာဏထက် ပိုများလေ့ရှိတယ်လို့လည်း သိရပါတယ်။ အထူးသဖြင့် လဆန်းရက်ဟာ စနေနေ့မှာကျရောက်ခဲ့ပါက လာရောက်ဂါရဝပြုသူတွေ အထူးများပြားပါတယ်။

ထိုကဲ့သို့နေ့များမျာ အထူးအခမ်းအနားများနဲ့ ပွဲတော်တစ်ခုကိုလည်း ရှန်နီရှင်နပူးရ်မြို့ငယ်လေးမှာ ကျင်းပလေ့ရှိတယ်လို့ ဆိုပါတယ်။ ထုံထမ်းအစဉ်အလားအားဖြင့် အမျိုးသမီးတွေဟာ ဂူဗိမာန်ကျောက်သားတိုင်ကို ကာရံထားတဲ့ အတွင်းပိုင်းကို ဝင်ရောက်ခွင့်မရှိခဲ့ပါဘူး။

Photo: naukrinama

သို့သော် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရ်မှာတော့ ဘုံဘေတရားရုံးချုပ်က ဂူဗိမာန်အတွင်းစည်းထဲသို့ အမျိုးသမီးများကိုလည်း ဝင်ခွင့်ပြုရန် မဟာရက်ရှ်ထရာ ပြည်နယ်အစိုးရထံ တောင်းဆိုခဲ့ပါတယ်။ ထို့နောက် သီတင်းတစ်ပတ်ကျော်အကြာမှာတော့ ဂူဗိမာန် ကြီးကြပ်ရေးအဖွဲ့က အမျိုးသမီးများကို အကာအရံ အတွင်းစည်းထဲသို့ ဝင်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ပိုက်ဆံချမ်းသာဖို့မလို လူသားဆန်တဲ့ နွေထွေးမှုသာလို

"ကျွန်မတို့မြို့လေးက နတ်ဘုရားအလိုအတိုင်း ဧည့်သည်တွေကို သာတူညီမျှ ဧည့်ဝတ်ကျေပွန်အောင် ဧည့်ခံကြတဲ့ ဓလေ့ထုံးစံကို လိုက်နာကြပါတယ်၊ ဧည့်သည်တွေကို ကျွန်မတို့ရဲ့ အစားအစာ မျှဝေကျွေးဖို့အတွက် ကျွန်မတို့မှာ ပိုက်ဆံချမ်းသာဖို့ မလိုပါဘူး၊ အဲဒါထက် လူသားဆန်ဆန် နွေးထွေးမှုသာရှိဖို့ လိုအပ်ပါတယ်" လို့ ရှန်နီရှင်နပူးရ်မြို့လေးမှ ဂီတာဘိုင်ဆူရတ်ရှ်မဟဲလ်က ပြောပါတယ်။

ခင်ပွန်းဖြစ်သူ မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဆူရတ်ရှ်ရဲ့ အိပ်ခန်းနှစ်ခန်းပါ နေအိမ်ဟာ ဇိမ်ခံနေရာတစ်ခု မဟုတ်ပေမဲ့ နွေးထွေးပျူဌာမှုနဲ့ တန်ဖိုးမကြီးတဲ့ အစားအစာတွေကို ရှန်နီရှင်နပူးရ်မြို့ကို လာရောက်ကြတဲ့ ဧည့်သည်တွေ စားနိုင်ကြမှာဖြစ်ပါတယ်။

သော့ခလောက်မရှိတဲ့ ဘဏ်ခွဲ

၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာတော့ တံခါးတွေမရှိတဲ့ ရှန်နီရှင်နပူးရ်မြို့လေးမှာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော သော့ခလောက်မရှိတဲ့ ဘဏ်ခွဲတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။

United Commercial ဘဏ်က ရှန်နီရှင်နပူးရ်မှာ ဘဏ်ခွဲလာရောက်ဖွင့်လှစ်ခဲ့ရာ ထိုမြို့လေးရဲ့ ယုံကြည်သက်ဝင်မှုနဲ့ ဓလေ့ထုံးစမ်းကို အတတ်နိုင်ဆုံး လေးစားလိုက်နာခဲ့ပါတယ်။ ဘဏ်ခွဲအဆောက်အအုံကို သာမန်အတိုင်း သော့ခလောက်ဖြင့် သော့ခတ်ထားခြင်းမရှိပါဘူး။

ရှန်နီရှင်နပူးရ်မြို့ရှိ United Commercial ဘဏ်ခွဲ (Photo: Swati Jain)

ဘဏ်တံခါးတွေကို အဝေးထိန်းစနစ်သုံး လျှပ်စစ်သံလိုက်သော့ကိုသာ အသုံးပြုထားပါတယ်။ ရှန်နီရှင်နပူးရ်မြို့မှာ ဖွင့်လှစ်ထားတဲ့ United Commercial ဘဏ်ခွဲရဲ့ မန်နေဂျာဖြစ်သူ မန်ဂက်ရှ်ရက်ခ်ရှီက ငွေနဲ့စာရွက်စာတမ်းတွေ လုံခြုံမှုရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ ထိုဘဏ်ခွဲမှာ ရှန်နီရှင်နပူးရ်မြို့ငယ်နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှ ဘဏ်စာရင်းဖွင့်ထားသူ ၁၀,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဘဏ်ခွဲဝန်ထမ်းတွေက မြို့ခံတွေနဲ့ပတ်သက်ပြီး လုံခြုံရေးကိစ္စကို စိတ်မပူကြဘဲ အခြားနေရာဒေသတွေမှ လာရောက်ကြသူတွေက ၎င်းတို့ဘဏ်ကို အဆန်းတကြယ်ဖြင့် အလွန်စပ်စုကြမှုကို စိုးရိမ်ကြတယ်လို့ ပြောပါတယ်။

ရဲစခန်းမရှိခဲ့ဖူးတဲ့ မြို့

နေအိမ်တွေအားလုံး တံခါးမတပ်ထားတဲ့ ရှန်နီရှင်နပူးရ်မြို့လေးမှာ နှစ်ပေါင်းများစွာတိုင်အောင် ရဲစခန်းလည်း မရှိခဲ့ပါဘူး။ ၂၀၁၅ ခုနှစ်ကျမှသာ အရှင်ရှန်နီကို လာရောက်ဂါရဝပြုသူတွေများပြားလွန်းတဲ့ စနေနေ့တွေနဲ့ ဂါရဝပြုသူ လာရောက်မှုအများဆုံး အချိန်တွေမှာ ထိန်းကွပ်နိုင်ရန် အနီးအနားရှိ ဆိုနီယာကျေးရွာရဲစခန်းကို ရှန်နီရှင်နပူးရ်သို့ ရွှေ့ပြောင်းအခြေစိုက်စေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်အထိ ရှန်နီရှင်နပူးရ်မြို့ငယ်လေးမှာ သူခိုးခိုးမှု သို့မဟုတ် ဖောက်ထွင်းမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ သို့သော် လတ်တလောမှာတော့ ပမာဏအနည်းငယ်မျှသာဖြစ်တဲ့ ငွေ၊ လက်ဝတ်ရတနာနဲ့ အခြားပစ္စည်းများ ခိုးယူခံရကြောင်း တိုင်ကြားမှု အနည်းအကျဉ်းရှိခဲ့ပါတယ်။

ရိုးရှင်းတဲ့ဘဝမှာသာ ပျော်မွေ့ကြသူများ

ရှန်နီရှင်နပူးရ်မြို့မှာ လူဦးရေ ၄,၀၀၀ နေထိုင်ကြပြီး အများစုက လယ်ယာစိုက်ပျိုးကြသူတွေ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဂျုံ၊ ကြက်သွန်နီနဲ့ ကြံစိုက်ပျိုးကြပါတယ်။

မြို့ခံအချို့ကတော့ အရှင်ရှန်နီ ဂူဗိမာန်အနီး ဆိုင်းခိုင်းများဖွင့်လှစ်ကာ ဂါရဝပြုပူဇော်ရာမှာ အသုံးပြုတဲ့ အသုံးအဆောင်များ၊ အစားအစာနဲ့ အိမ်သုံးပစ္စည်းတွေ ရောင်းချကြပြီး အခြားသူတွေကတော့ အရှင်ရှန်နီ ဂူဗိမာန်မှာ အလုပ်လုပ်ကြပါတယ်။

Photo: Swati Jain

ရှန်နီရှင်နပူးရ်မြို့ခံတွေရဲ့ လူနေမှုဘဝက ရိုးရှင်းလှပါတယ်။ သူတို့ဟာ မိသားစုဝင်တွေသဖွယ် အတူတကွ သွားလာနေထိုင် အလုပ်လုပ်ကိုင်ကြပြီး တရင်းတနှီးရှိကြပါတယ်။ အမျိုးသမီးတွေက မကြာခဏ အတူတကွ ချက်ပြုတ်ကြကာ အိမ်မှုကိစ္စတွေကို အပြန်အလှန် ကူညီပေးကြပါတယ်။ နေ့လယ်စာစားပြီးချိန်နဲ့ ညနေခင်းတွေမှာတော့ သူတို့ရဲ့ နေ့စဉ်အတွေ့အကြုံတွေကို အပြန်အလှန် မျှဝေကြတာ သို့မဟုတ် ဘာသာရေးစာပေတွေကို ဂူဗိမာန်မှာ ဖတ်ရှုမှုတွေ ပြုလုပ်ကြလေ့ရှိပါတယ်။

"ဒီမြို့ငယ်လေးမှာ အားလုံးက တစ်ယောက်နဲ့တစ်ယောက် သိနေကြတာပဲ၊ ဒီလူမှုအသိုင်းအဝိုင်းကြားမှာ အချင်းချင်း အလွန့်အလွန် ယုံကြည်မှုရှိကြတယ်" လို့ နေအိမ်ဆောက်လုပ်သူ မြို့ခံတစ်ဦက ပြောပါတယ်။

အိမ်တံခါးတွေအပြင် နှလုံးသားတံခါးလည်း အမြဲဖွင့်ထားတဲ့ မြိုခံများ

ခေတ်စနစ်တွေ တိုးတက်လာလာနဲ့အမျှ ရှန်နီရှင်နပူးရ်မြို့လေးမှာလည်း အဆောင်အယောင် အပြင်အဆင်တွေ ပိုမိုတိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ တံခါးတွေမရှိတဲ့ မြင်ကွင်းကတော့ မပြောင်းမလဲ ရှိနေဆဲပါပဲ။

Photo: sobify

ဒီမြို့လေးမှာရှိတဲ့ နေအိမ်တံခါးတွေသာမက မြို့ခံတွေရဲ့ နှလုံးသားတံခါးတွေကလည်း ဧည့်သည်တွေကို အမြဲတမ်း နွေးထွေးပျူငှာစွာ ဖွင့်လှစ်ကြိုဆိုနေပါတယ်။ ရှန်နီရှင်နပူးရ်မြို့ခံတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းဖို့ထက် သူတို့ရဲ့ ယုံကြည်မှုကိုသာ ထိန်းသိမ်းသွားမယ့်သူတွေ ဖြစ်ပါတယ်။ ဒီနေ့ကမ္ဘာမှာ ရှားပါး တန်ဖိုးထားစရာပါပဲ။


ဆက်စပ်အကြောင်းအရာများ



က္က