အစိုးရရုံးများတည်ရှိရာအနီး လမ်းမပေါ်မှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။

ဟောင်ကောင်မှာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ တရားခံလွဲှပြောင်းရေး ဥပဒေမူကြမ်းကို ဖျက်သိမ်းမှာမဟုတ်ကြောင်း အုပ်ချုပ်ရေးမှူး ကာရီလမ်က ပြောကြားခဲ့ပြီးနောက် ယနေ့ (ဇွန် ၁၂ ရက်) ကန့်ကွက်ဆန္ဒပြမှုတွေ ထပ်မံ ပေါ်ပေါက်လာပါတယ်။

(Photo: AFP)

ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက အစိုးရရုံးများတည်ရှိရာအနီး လမ်းမပေါ်မှာ စုရုံးရောက်ရှိကာ ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြကြပါတယ်။ ရာနဲ့ချီတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေကလည်း ဆန္ဒပြလူအုပ်စုကို ရှေ့သို့ချီတက်မလာကြရန် သတိပေးနေတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။



ဆန္ဒပြသူအချို့က လမ်းများကို အတားအဆီးများဖြင့် ပိတ်ဆို့ထားခဲ့တယ်လို့ ဆိုပါတယ်။ ဟောင်ကောင်မှာ လတ်တလော ဆန္ဒပြမှုတွေ ပေါ်ပေါက်လာမှုက ၂၀၁၄ ခုနှစ် နှောင်းပိုင်းကာလအတွင်း ဒီမိုကရေစီအရေး ဆန္ဒပြမှုမြင်ကွင်းတွေနဲ့ ဆင်တူနေခဲ့ကြောင်းလည်း သတင်းတွေကပြောပါတယ်။

(Photo: AP)

ဆန္ဒပြသူတွေက ဟောင်ကောင်လွှတ်တော် (ဥပဒေပြုရေးကောင်စီ) အဆောက်အအုံ အပြင်ဘက်မှာလည်း စုရုံးနေခဲ့ကြကြောင်း သိရပါတယ်။ ဟောင်ကောင်အာဏာပိုင်တွေက ပြစ်မှုကျူးလွန်တဲ့ တရားခံနဲ့ သံသယရှိသူတွေကို တရုတ်အပါအဝင် အခြားနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်တဲ့ ဥပဒေတစ်ရပ်ကို ပြဌာန်းရန်ပြင်ဆင်နေပါတယ်။

ဟောင်ကောင်ဟာ ယခင်က တရုတ်ပြည်မကြီး အပါအဝင် အခြားနိုင်ငံများနဲ့ တရားခံလွှဲပြောင်းရေးဆိုင်ရာ သဘောတူညီချက် မရှိခဲ့ပါဘူး။ အာဏာပိုင်တွေက ထိုဥပဒေကို လွှတ်တော်မှာတင်သွင်းခဲ့ပြီးနောက် ဟောင်ကောင်ပြည်သူတွေကြား ဒေါသတကြီး ကန့်ကွက်မှုတွေရှိလာခဲ့ပါတယ်။

(Photo: Vincent Yu/AP)

ထို့နောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဇွန် ၉ ရက်) မှာတော့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။ ဇွန် ၉ ရက် ဆန္ဒပြပွဲမှာ လူဦးရေတစ်သန်းအထိ ပါဝင်ခဲ့ကြောင်း စီစဉ်သူတွေက ပြောခဲ့ကြပြီး ရဲတပ်ဖွဲ့ကတော့ လူ ၂၄၀,၀၀၀ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ဆန္ဒပြပွဲကြီးဟာ ဇွန် ၁၀ ရက် မနက်အကူးမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ပဋိပက္ခ အကြမ်းဖက်မှုတွေနဲ့အတူ ပြီးဆုံးခဲ့ပါတယ်။

(Photo: AFP)

လူဦးရေသိန်းနဲ့ချီ ပါဝင်ခဲ့ကြတဲ့ ကန့်ကွက်ဆန္ဒပြမှု ပေါ်ပေါက်ခဲ့ပေမဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဖျက်သိမ်းမှာမဟုတ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇွန် ၁၀ ရက်နေ့မှာ ပြောခဲ့ပြီး ထိုနေ့မှာပင် တရုတ်အစိုးရကလည်း ဥပဒေမူကြမ်းကိုထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဆိုပါ အခြေအနေတွေအရ ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ နောက်ထပ် ပေါ်ပေါက်လာမယ်လို့လည်း အစောပိုင်းကတည်းက ခန့်မှန်းထားခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: AP)

ထပ်မံသိရတဲ့ သတင်းတွေအရ ယနေ့ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူများ ထိပ်တိုက်တွေ့ အဓိကရုဏ်းများ ဖြစ်ပေါ်လာခဲ့ပြီး ရဲတပ်ဖွဲ့က ရာဘာကျည်ဆန်များသုံးပြီး ပစ်ခတ်ခြင်း၊ မျက်ရည်ယိုဗုံးများသုံးခြင်းတို့ဖြင့် လူစုခွဲရန်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ အဓိကရုဏ်းများအတွင်း လူ ၇၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ထိုအတောအတွင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ဆူပူအုံကြွမှု အဓိကရုဏ်းတွေဟာ စီစဉ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဟောင်ကောင်မှာ ဆန္ဒပြမှုတွေကြောင့် အစိုးရရုံးတွေကို ယခု သီတင်းပတ် လက်ကျန်ရက်များမှာ ပိတ်ထားမယ်လို့ နောက်ဆုံးသတင်းတွေက ဖော်ပြထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က