လွှတ်တော်အတွင်း ရန်ပွဲကြောင့် အမတ်တစ်ဦးကို ဆေးရုံပို့ခဲ့ရကြောင်း သိရပါတယ်။

သံသယရှိသူတွေကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးနိုင်တဲ့ အငြင်းပွားဖွယ် ဥပဒေနဲ့ပတ်သက်ပြီး ဟောင်ကောင်လွှတ်တော်မှာ ဆွေးနွေးငြင်းခုန်ကြရာမှ အမတ်များကြား ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။

(Photo: Vincent Yu/AP)

ဟောင်ကောင်လွှတ်တော် (ဟောင်ကောင် ဥပဒေပြုကောင်စီ) မှာ ယနေ့ (မေ ၁၁ ရက်) ဆွေးနွေးခဲ့ကြတဲ့ တရုတ်အစိုးရထံသို့ သံသယရှိသူများ လွှဲပြောင်းပေးနိုင်တဲ့ ဥပဒေအပေါ် အငြင်းပွားခဲ့ကြပြီးနောက် တရုတ်အစိုးရကို သစ္စာခံတဲ့အမတ်အုပ်စုနဲ့ ဒီမိုကရေစီ လိုလားတဲ့ အမတ်အုုပ်စုကြား အပြန်အလှန် လုံးထွေးသတ်ပုတ်ကာ ရန်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ လွှတ်တော်အတွင်း ရန်ပွဲကြောင့် အမတ်အချို့ ဒဏ်ရာရခဲ့ကြပြီး တစ်ဦးကိုတော့ ဆေးရုံပို့ခဲ့ရကြောင်း သိရပါတယ်။



ယနေ့ လွှတ်တော်ကို တင်သွင်းခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေဟာ ဟောင်ကောင်ရဲ့ လွတ်လပ်မှုကို ဆုတ်ယုတ်လျော့ပါးစေကြောင်း အတိုက်အခံတွေက ထောက်ပြကြပါတယ်။ သို့သော် အာဏာပိုင်တွေကတော့ တရုတ်ပြည်မကြီးထံမှ လူသတ်မှုဖြင့် သံသယရှိသူတစ်ဦးကို ဟောင်ကောင်သို့ လွှဲပြောင်းနိုင်ရန်အတွက် ဥပဒေပြင်ဆင်မှု လုပ်ဆောင်ရန်လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

(Photo: James Pomfret/Reuters)

ဟောင်ကောင်အစိုးရက နိုင်ငံခြားသားများ အပါအဝင် ရာဇဝတ်မှုကျူးလွန်ကြောင်း စွပ်စွဲခံထားရသူတွေ ဟောင်ကောင်မှ တရုတ်ပြည်မကြီး အပါအဝင် အခြား နိုင်ငံများသို့ လွှဲပြောင်းပေးနိုင်မယ့် ဥပေဒတစ်ရပ်ကို ပြဌာန်းနိုင်ရန် ကြိုးပမ်းနေတာဖြစ်ပါတယ်။ လွှတ်တော်မှာ ရန်ပွဲဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ လိုလားတဲ့အမတ်တစ်ဦးက ဟောင်ကောင်အတွက် ဝမ်းနည်းစရာနေ့တစ်နေ့ ဖြစ်တယ်လို့ဆိုပါတယ်။

အငြင်းပွားဖွယ်ဖြစ်နေတဲ့ တရားခံလွှဲပြောင်းရေး ဥပဒေကို ဆွေးနွေးရာမှာ မူလက ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်မတ် James To ဦးဆောင်ခဲ့ပေမဲ့ ယခုသီတင်းပတ် အစောပိုင်းမှာတော့ ထိုဥပဒေသစ်ကို ထောက်ခံသူတွေက James To ကို သဘာပတိနေရာသို့ ပြောင်းရွှေ့ဆောင်ရွက်စေခဲ့ပါတယ်။

(Photo: James Pomfret/Reuters)

ယနေ့ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲအတွင်း အမတ်တွေက ဆဲဆိုအော်ဟစ်ကာ စားပွဲများပေါ်ခုန်တက်ပြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။ ဝရုန်းသုန်းကားဖြစ်နေတဲ့ အမတ်များရန်ပွဲအတွင်း သတင်းထောက်တွေက ကင်မရာနဲ့ မိုက်ခရိုဖုန်းတွေကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့ကြရပါတယ်။ ရန်ပွဲအတွင်း ဒီမိုကရေစီလိုလားတဲ့ အမတ်တစ်ဦးဖြစ်သူ Gary Fan လဲကျသွားခဲ့ပြီး ၎င်းကို လူနာထမ်းစင်ဖြင့် သယ်ထုတ်ခဲ့ရပါတယ်။

တရုတ်အစိုးရ လိုလားတဲ့ လွှတ်တော်အမတ်တစ်ဦးလည်း လက်မောင်းမှာဒဏ်ရာရခဲ့ပါတယ်။ ဟောင်ကောင်ကို ဗြိတိန်က တရုတ်နိုင်ငံသို့ ၁၉၉၇ ခုနှစ်မှာ လွှဲပြောင်းခဲ့ပြီးနောက် 'တစ်နိုင်ငံ၊ စနစ်နှစ်မျိုး' မူဝါဒရ ဟောင်ကောင်ဟာာ တရုတ်ပြည်မကြီးနဲ့မတူဘဲ ဥပဒေဆိုင်ရာစနစ် သီးခြားရှိထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က