တာလီဘန်ကိုတိုက်ခိုက်မှု ယခင်မကြုံဖူးခဲ့တဲ့ အတိုင်းအတာဖြင့် တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်မှာ 9/11 အကြမ်းဖက်တိုက်ခိုက်မှု ၁၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို စက်တင်ဘာ ၁၁ ရက်နေ့မှာ ပြုလုပ်ခဲ့မှုအတွင်း သမ္မတဒေါ်နယ်ထရန့်က တာလီဘန်အုပ်စုကို ယခင်ကထက် ပိုမိုပြင်းထန်စွာ တိုက်ခိုက်သွားမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။

(ပင်တဂွန်စစ်ဌာနချုပ်မှာ သမ္မတထရန့် မိန့်ခွန်းပြောစဉ်) (Photo: AP)

ပင်တဂွန်စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ 9/11 တိုက်ခိုက်မှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားမှာ သမ္မတထရန့်က မိန့်ခွန်းပြောကြားစဉ် တာလီဘန်အုပ်စုကို စစ်ရေးတိုက်ခိုက်မှုတွေ ယခင်မကြုံဖူးခဲ့တဲ့ အတိုင်းအတာဖြင့် တိုးမြှင့်သွားမယ်လို့ ကြေညာခဲ့ပါတယ်။



၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ အယ်လ်ကေဒါအကြမ်းဖက်အုပ်စုက လေယာဉ်များပြန်ပေးဆွဲပြီး အမေရိကန်မြေပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 9/11 တိုက်ခိုက်မှုများလို့ သိမှတ်ထားကြတဲ့ အဆိုပါဖြစ်ရပ်ပြီးနောက် အမေရိကန်က အာဖဂန်နစ္စတန်စစ်ပွဲမှာ ပါဝင်လာခဲ့ပြီး အယ်လ်ကေဒါတို့ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်နိုင်ရန် အခြေစိုက်နေထိုင်ခွင့်ပေးခဲ့တဲ့ တာလီဘန်အုပ်စုကို တိုက်ခိုက်ခဲ့ပါတယ်။

(အာဖဂန်မှာ တိုက်ခိုက်နေသည့် အမေရိကန်တပ်ဖွဲ့) (Photo: EPA)

အမေရိကန်နဲ့ တာလီဘန်တို့ဟာ အာဖဂန်မှာဖြစ်ပွားနေခဲ့တဲ့ ၁၈ နှစ်နီးပါးကြာစစ်ပွဲ အဆုံးသတ်နိုင်ရန် နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တာလီဘန်ခေါင်းဆောင်တွေကို အမေရိကန်သို့ဖိတ်ကြားပြီး သမ္မတထရန့်နဲ့တွေ့ဆုံကာ ငြိမ်းချမ်းရေးဆွေးနွေးရန်လည်း စီစဉ်ခဲ့ပါတယ်။

သို့သော် မကြာသေးမီက အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ တာလီဘန်အုပ်စုက လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေအနက် အမေရိကန်စစ်သားတစ်ဦး ပါဝင်ခဲ့ပြီးနောက် သမ္မတထရန့်က တာလီဘန်တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

(အသေခံတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ကဘူးလ်မြို့တွင်းနေရာ) (Photo: Reuters)

တာလီဘန်တို့ကလည်း သမ္မတထရန့်က ငြိမ်းချမ်းရေးဆွေးနွေးမှု ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက် အာဖဂန်မှာ အမေရိကန်ကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ ကြုံးဝါးပြောဆိုထားကြောင်း သိရပါတယ်။ 9/11 တိုက်ခိုက်မှု နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွေကို ယမန်နေ့က နယူးယော့ခ်မြို့၊ အမေရိကန်သမ္မတအိမ်ဖြူတော်နဲ့ ပင်တဂွန်စစ်ဌာနချုပ်တို့မှာ ပြုလုပ်ခဲ့ကြပြီး တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြတဲ့ လူ ၃,၀၀၀ နီးပါးကို အောက်မေ့ဂုဏ်ပြုကြပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ 9/11 တိုက်ခိုက်မှု နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားမှာ သမ္မတထရန့်က မိန့်ခွန်းပြောကြားစဉ် တာလီဘန်အုပ်စုကို စစ်ရေးတိုက်ခိုက်မှုတွေ မကြုံစဖူး တိုးမြှင့်သွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

(ပင်တဂွန်မှာ ပြုလုပ်ခဲ့သည့် 9/11 တိုက်ခိုက်မှု နှစ်ပတ်လည်နေ့) (Photo: EPA)

လွန်ခဲ့တဲ့ ၁၈ နှစ်ဖြစ် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ အယ်လ်ကေဒါအကြမ်းဖက်အုပ်စုက ခရီးသည်တင်လေယာဉ်လေးစီးကို ပြန်ပေးဆွဲပြီး အမေရိကန်နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ခဲ့ကြပါတယ်။ ပထမနဲ့ ဒုတိယ လေယာဉ်နှစ်စီးဖြင့် နယူးယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အမြွှာအဆောက်အအုံနှစ်ခုကို ဝင်တိုက်ခဲ့ကြပြီး တတိယမြောက်လေယာဉ်က အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကို ဝင်တိုက်ခဲ့ပါတယ်။

စတုတ္တမြောက်လေယာဉ် Flight 93 ကတော့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် Shanksville ရှိ ကွင်းပြင်တစ်ခုမှာ ပျက်ကျခဲ့ပါတယ်။ 9/11 အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လေယာဉ်ပြန်ပေးဆွဲ တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမား ၁၉ ဦး အပါအဝင် စုစုပေါင်း လူ ၂,၉၉၆ ဦး သေဆုံးခဲ့ပြီး အခြား လူ ၆,၀၀၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။


Share

Loading Next Article...
က္က