တာလီဘန်အုပ်စုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
(အာဖဂန်မှာတွေ့ရသည့် အမေရိကန်တပ်ဖွဲ့ဝင်နှစ်ဦး) (Photo: Sergeant Jordan Trent/US Army)
အာဖဂန်နစ္စတန်မှာ အမေရိကန်နဲ့ တာလီဘန်တို့ကြား ၁၈ နှစ်ကြာ ဖြစ်ပွားနေခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရန် ငြိမ်းချမ်းရေးဆွေးနွေးမှုကို စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတထရန့်က ယနေ့ (စက်တင်ဘာ ၈ ရက်) မှာ အာဖဂန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီနဲ့ တာလီဘန်ခေါင်းဆောင်တို့ကို လျှို့ဝှက်တွေ့ဆုံရန် မူလက စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
သို့သော် အာဖဂန်မှာ အမေရိကန်စစ်သားတစ်ဦးနဲ့ အခြား လူ ၁၁ ဦး သေဆုံးခဲ့တဲ့ လတ်တလော တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း တာလီဘန်စစ်သွေးကြွတွေက ထုတ်ဖော်ပြောခဲ့ပြီးနောက် Camp David မှာ လျှို့ဝှက်တွေ့ဆုံရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ထရန့်ကဆိုပါတယ်။
(Camp David နေရာမြင်ကွင်း) (Photo: White House)
အမေရိကန်သမ္မတထရန့်က ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းနဲ့ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး ပြုလုပ်သွားမယ်လို့ ကာတာနိုင်ငံ ဒိုဟာမြို့ရှိ တာလီဘန်အုပ်စုရဲ့ နိုင်ငံရေးရုံးက BBC ကို ပြောခဲ့ပါတယ်။
ထိုအတောအတွင်း Camp David မှာ ထရန်နဲ့ သီးခြားတွေ့ဆုံခဲ့တဲ့ အာဖဂန်သမ္မဂါနီရဲ့ သမ္မတရုံးက ထုတ်ပြန်ချက်မှာ 'တာလီဘန်တို့အနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အာဖဂန်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေလုပ်ရန် သဘောတူညီမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရနိုင်မယ်' လို့ ပြောထားပါတယ်။
(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Reuters)
အစောပိုင်းက ဒိုဟာမြို့မှာ အမေရိကန်နဲ့ တာလီဘန်အုပ်စု ကိုယ်စားများ တွေ့ဆုံဆွေးနွေးမှုတွေ ကိုးကြိမ်ပြုလုပ်ခဲ့ကြပြီး ငြိမ်းချမ်းရေးအတွက် တိုးတက်မှုအချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုသို့ ဆွေးနွေးမှုများအရ ငြိမ်းချမ်းရေးကိစ္စကို မူအားဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း အမေရိကန် စေ့စပ်ညှိနှိုင်းရေးတာဝန်ရှိသူက တနင်္လာနေ့ (စက်တင်ဘာ ၂ ရက်) မှာ ကြေညာခဲ့ပါတယ်။
(ကဘူးလ်မှာ ဖြစ်ပွားခဲ့သည့် ကားဗုံးခွဲတိုက်ခိုက်မှု) (Photo: Xinhua)
"ကျွန်တော်တို့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စစ်သားတစ်ဦးသေဆုံးခဲ့ရတဲ့ ကဘူးလ်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ တာလီဘန်က ဝန်ခံခဲ့ပါတယ်၊ အဲဒီနောက် တွေ့ဆုံမယ့်အစီစဉ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ကျွန်တော် ချက်ချင်း ဖျက်သိမ်းလိုက်ပါတယ်" လို့ အမေရိကန်သမ္မတ ထရန့်က ပြောပါတယ်။
ဒိုဟာမှာ ဆွေးနွေညှိနှိုင်းခဲ့မှုအရ မူအားဖြင့် ရရှိထားတဲ့ သဘောတူညီမှုမှာ အမေရိကန်က အာဖဂန်မှာတပ်စွဲထားတဲ့ တပ်ဖွဲ့ဝင် ၁၄,၀၀၀ အနက်မှ ၅,၄၀၀ ကို ရက်သတ္တပတ် ၂၀ အတွင်း ပြန်ရုပ်သိမ်းပြီး အပြန်အလှန်အားဖြင့် တာလီဘန်အုပ်စုက အာဖဂန်နစ္စတန်ကို အကြမ်းဖက်မှုအတွက် အခြေစိုက်နေရာအဖြစ် မည်သည့်အခါမျှ နောက်ထပ် အသုံးမပြုရန်လည်း ပါဝင်ကြောင်းသိရပါတယ်။
(တာလီဘန်အုပ်စုရဲ့ နိုင်ငံရေးခေါင်းဆောင်အချို့) (Photo: AP)
သမ္မတထရန့်နဲ့ တာလီဘန်ခေါင်းဆောင်များ တွေ့ဆုံမှုကို 9/11 တိုက်ခိုက်မှုများလို့ သိထားကြတဲ့ အမေရိကန်နိုင်ငံအတွင်း ကမ္ဘာ့ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံနှစ်ခုနဲ့ ပင်တဂွန်စစ်ဌာနချုပ် အပါအဝင် နေရာလေးခုကို လေယာဉ်ပြန်ပေးဆွဲပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ နှစ်ပတ်လည်နေ့မတိုင်မီ ရက်အနည်းငယ်မျှအလိုမှာ စီစဉ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
အိုစမာဘင်လာဒင် ဦးဆောင်တဲ့ အယ်လ်ကေဒါအကြမ်းဖက်အုပ်စုက ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ လေယာဉ်တွေကို ပြန်ပေးဆွဲပြီး ပျက်ကျစေခြင်းဖြင့် အမေရိကန်နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ 9/11 အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်လုပ်ဆောင်နိုင်ရန် အယ်လ်ကေဒါအကြမ်းဖက်အုပ်စုကို တာလီဘန်တို့က အကာအကွယ်ပေး ခိုလှုံစေခဲ့တာကြောင့် ၂၀၀၁ ခုနှစ် ဆောင်းဦးရာသီမှာ အမေရိကန်က အာဖဂန်နစ္စတန်နိုင်ငံအတွင်း ကျုးကျော်ဝင်ရောက်ကာ တာလီဘန်တို့ကို တိုက်ထုတ်ခဲ့ပါတယ်။