ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်

ရွှေ့ဆိုင်းနှောင့်နှေးမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကို လာမယ့် ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ပြုလုပ်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ယနေ့ (ဒီဇင်ဘာ ၁၁ ရက်) ထုတ်ပြန်ကြေညာပါတယ်။ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးလှုံ့ဆော်မှုတွေကိုလည်း စတင်ပြုလုပ်နိုင်ပြီလို့ သိရပါတယ်။

(ရွေးကောက်ပွဲပြုလုပ်ရန် ဆန္ဒပြသူအချို့) (Photo: EPA)



ထိုင်းနိုင်ငံမှာ စစ်တပ်က ၂၀၁၄ ခုနှစ်အတွင်း အာဏာသိမ်းခဲ့ပြီးကတည်းက နိုင်ငံရေးစည်းရုံးလှုပ်ရှားမှုတွေကို ပိတ်ပင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ထိုပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ပြီလို့ စစ်တပ်အစိုးရက Royal Gazette ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင်ပြီလို့ ဆိုပါတယ်။

(ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင်နှင့် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ) (Photo: Soe Zeya Tun, Reuters)

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ်ယင်လတ် အစိုးရအဖွဲ့ကို လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ လနဲ့ချီ ပေါ်ပေါက်ခဲ့ပြီးနောက် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားခဲ့ပါတယ်။ ယခုနှစ် စက်တင်ဘာလမှစပြီး ထိုင်းစစ်တပ်အစိုးရက တားမြစ်ပိတ်ပင်မှုတွေကို စတင်ဖြေလျော့ပေးလာခဲ့ပြီး နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ပြုခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မွဲဆွယ်စည်းရုံးမှုတွေကို လာမယ့် ဇန်နဝါရီလမှာ စတင်ပြုလုပ်သွားဖွယ်ရှိပါတယ်။ "ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲအကြိုကာလမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်" လို့ စစ်တပ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကြောင်း သိရပါတယ်။

(ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်) (Photo: Reuters)

"ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ သတ်မှတ်လိုက်ပါတယ်" လို့ ရွေးကောက်ပွဲကော်မရှင် လက်ထောက် အထွေထွေအတွင်းရေးမှူး Nat Laosisawakul က သတင်းထောက်တွေကို ပြောပါတယ်။ ယခု ပြုလုပ်သွားမယ့် ရွေးကောက်ပွဲဟာ အရှေ့တောင်အာရှမှာ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်မယ်လို့ အများအပြားက မျှော်လင့်ထားကြပါတယ်။

(ဘန်ကောက်မြို့မြင်ကွင်း) (Photo: Reuters)

၂၀၁၉ ထိုင်းရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်က ကျောထောက်နောက်ခံပြုထားပြီး ကျေးလက်ဒေသအများအပြားက အားပေးထောက်ခံကြတဲ့ နိုင်ငံရေးအုပ်စုနဲ့ စစ်တပ်နဲ့တော်ဝင်အသိုင်းအဝိုင်း ပါဝင်နေတဲ့ နိုင်ငံရေးအုပ်စုတို့ကြား အဓိက အားပြိုင်မှုဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဘန်ကောက်မှာ အခြေပြုထားတဲ့ စစ်တပ်နဲ့ တော်ဝင်အသိုင်းအဝိုင်းက ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တို့မှာ အာဏာသိမ်းခဲ့ကြပြီး လက်ရှိမှာတော့ ၎င်းတို့ကို ကိုယ်စားပြုထားတဲ့ နိုင်ငံရေးပါတီတွေ ရှိနေပြီဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က