ဆိုးလ်နဲ့ အနီးအနား ဧရိယာအတွင်း ကျောင်းသူကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရပြီ ဖြစ်ပါတယ်။
Ko John

တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်ခဲ့စဥ် ကူးစက်မှုအဓိကနေရာ ဖြစ်ခဲ့တဲ့ ဆိုးလ်မြို့တော်နဲ့ အနီးအနား ဧရိယာအတွင်း ကျောင်းသူကျောင်းသားများ ယနေ့ (စက်တင်ဘာ ၂၁ ရက်) မှစပြီး ကျောင်းပြန်တက်ခွင့်ရပြီလို့ သိရပါတယ်။

(Photo: Reuters/Yonhap)

တောင်ကိုရီးယားမှာ ဩဂုတ်လနောက်ပိုင်း နေ့စဥ် ကူးစက်မှုအသစ် အနိမ့်ဆုံးကျဆင်းသွားခဲ့ပြီးနောက် ဆိုးလ်မြို့ဧရိယာရှိ စာသင်ကျောင်းတွေကို ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေဟာ စာသင်ခန်းမှာ တက်ရောက်သင်ယူမှုနဲ့ အွန်လိုင်းမှသင်ယူမှု စနစ်နှစ်မျိုးဖြင့် ကျောင်းတွေပြန်ဖွင့်ခဲ့ပါတယ်။ ထိုစနစ်အရ ကျောင်းသူကျောင်းသားတွေဟာ တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကျောင်းတက်ခွင့်ရမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ ယခုနှစ်အစောပိုင်းမှာ COVID-19 ကို ထိန်းချုပ်နိုင်ခဲ့ပြီး လုံးဝ lockdown လုပ်ရမယ့်အခြေအနေကို ရှောင်လွဲနိုင်ခဲ့ပါတယ်။ သို့သော် ဩဂုတ်လအတွင်း ခရစ်ယာန်ဘုရားကျောင်းအဖွဲ့တစ်ဖွဲ့နဲ့ နိုင်ငံရေးဆိုင်ရာ စုရုံးချီတက်ပွဲမှာ ကူးစက်မှုတွေ တွေ့လာရပြီးနောက် တောင်ကိုရီးယားရဲ့ အကြီးဆုံး COVID-19 ကူးစက်ဖြစ်ပွားမှု ကြုံတွေ့ခဲ့ရကာ ကူးစက်မှုထိန်းချုပ်ရေး အာဏာပိုင်တွေက လူအချင်းချင်း ခပ်ခွာခွာနေရမယ့် စည်းမျဥ်းကန့်သတ်ချက်တွေ ထုတ်ပြန်ဆောင်ရွက်ခဲ့ရပါတယ်။

(Photo: Chung Sung-Jun/Getty Images)

ထို့နောက် အဓိက စာမေးပွဲဖြေဆိုရမယ့် အထက်တန်းအဆင့် စီနီယာကျောင်းသားတွေကိုသာ ကျောင်းတက်ခွင့်ပြုပြီး စာသင်ကျောင်း အများအပြားကိုဩဂုတ် ၂၆ ရက်မှစပြီး ပိတ်ထားခဲ့ပါတယ်။ ယခုအခါ ကူးစက်မှုတွေ လျော့ကျသွားပြီဖြစ်တာကြောင့် ဆိုးလ်မြို့နဲ့ အနီးအနား ဧရိယာအတွင်းရှိ ကျောင်းတွေကို ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

ထိုအတောအတွင်း တောင်ကိုရီးယားအာဏာပိုင်တွေက ခပ်ခွာခွာနေရမယ့် အဆင့် ၂ စည်းမျဥ်းသတ်မှတ်ချက်ကို စက်တင်ဘာ ၂၇ ရက်အထိ နောက်တစ်ပတ် တိုးချဲ့သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ ထိုစည်းမျဥ်းအရ အဆောက်အအုံအတွင်း စုရုံးမှုတွေကို လူဦးရေ ၅၀ အောက်နဲ့ အဆောက်အအုံပြင်ပ စုရုံးမှုတွေကိုတော့ လူဦးရေ ၁၀၀ အောက်အဖြစ် ကန့်သတ်ထားပါတယ်။

(Photo: Reuters)

တောင်ကိုရီးယားမှာ ထုံးထမ်းအစဥ်အလာအရ မိသားစုများနဲ့ ပြန်လည်ဆုံဆည်းလေ့ရှိကြတဲ့ သုံးရက်ကြာ Chuseok အားလပ်ရက်မတိုင်မီ စက်တင်ဘာ ၂၈ ရက်နေ့မှာလည်း တင်းကျပ်တဲ့ စည်းမျဥ်းကန့်သတ်ချက်တွေ သတ်မှတ်ထုတ်ပြန်သွားမယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ "စောင့်ကြည့်ထိန်းချုပ်မှုတွေကို လျှော့ချသွားအုံးမှာ မဟုတ်ပါဘူး" လို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ် Yoon Tae-ho က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (Korea Disease Control and Prevention Agency) က ယမန်နေ့ (စက်တင်ဘာ ၂၀ ရက်) ညသန်းခေါင်မှာ ထုတ်ပြန်မှုအရ ကူးစက်ခံရသူ နောက်ထပ် ၇၀ ဦး တိုးလာခဲ့ကြောင်းနဲ့ ဩဂုတ်လလယ်နောက်ပိုင်း အနည်းဆုံး တိုးလာမှုလည်းဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂၃,၀၄၅ ဦးနဲ့ သေဆုံးသူ ၃၈၅ ဦးရှိခဲ့ပါတယ်။


Author


က္က