ခုနစ်နှစ်အတွင်း အရှည်ကြာဆုံး မုတ်သုံရာသီ မိုးရွာသွန်းမှုအဖြစ် ၄၂ ရက်ဆက်တိုက် မိုးရွာနေခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ခုနစ်နှစ်အတွင်း အရှည်ကြာဆုံး မုတ်သုံရာသီ မိုးရွာသွန်းမှုအဖြစ် ၄၂ ရက်ဆက်တိုက် မိုးရွာနေခဲ့ပြီး ရေကြီးမှုနဲ့ မြေပြိုမှုကြောင့် လူ ၁၅ ဦး သေဆုံးကာ လူ ၁,၅၀၀ ကျော် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရကြောင်း အာဏာပိုင်တွေက ယနေ့ (ဩဂုတ် ၄ ရက်) ပြောပါတယ်။

(Photo: EPA)

လတ်တလော ရက်များအတွင်း တရုတ်၊ ထိုင်း၊ မြန်မာနဲ့ အိန္ဒိယ နိုင်ငံတွေမှာလည်း မိုးသည်းထန်နေခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ တောင်ကိုရီးယားမှာ မိုးသည်းထန်မှုကြောင့် စိုက်ပျိုးမြေများ ရေမြုပ်နေပြီး ဆိုးလ်မြို့တော်ရှိ အဓိက အဝေးပြေးလမ်းများနဲ့ တံတားများ ရေလွှမ်းမိုးသွားခဲ့တယ်လို့ ဆိုပါတယ်။



တောင်ကိုရီးယားမှာ မိုးသည်းထန်မှုအတွင်း သေဆုံးခဲ့သူတွေအနက် မိသားစုတစ်ခုတည်းမှ နယူးဇီလန်နိုင်ငံသား သုံးဦးပါဝင်ခဲ့ပါတယ်။ ၎င်းတို့ကို ဆိုးလ်မြို့အရှေ့မြောက်ဘက် Gapyeong အရပ်ဒေသရှိ အပန်းဖြေခရီးထွက် နေထိုင်နေကြတဲ့ တစ်ထပ်နေအိမ်များနေရာမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း သေဆုံးခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

မြေပြိုမှုကြောင့် သေဆုံးခဲ့တဲ့ နယူးဇီလန်နိုင်ငံသား သုံးဦးဟာ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၆ နှစ်အရွယ် ၎င်းရဲ့သမီးနဲ့ အသက်သုံးနှစ်အရွယ် ၎င်းရဲ့သားတို့ဖြစ်ကြောင်း Gapyeong ရဲတပ်ဖွဲ့အရာရှိက ပြောခဲ့ပါတယ်။ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံသားသုံးဦး တောင်ကိုရီးယားမှာ သေဆုံးခဲ့ကြောင်း သိရှိထားကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေပေးနေတယ်လို့ ဆိုပါတယ်။

အသေးစိတ်ကိုတော့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။ တောင်ကိုရီးယားမှာ ၄၂ ရက်ကြာ မုတ်သုံမိုးများ ရွာသွန်းနေမှုကြောင့် COVID-19 ကို ရင်ဆိုင်နေရတဲ့ နိုင်ငံသားတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက်က စိုးရိမ်မိကြောင်း သမ္မတမွန်ဂျေအင်းက ပြောပါတယ်။

(Photo: EPA)

တောင်ကိုရီးယားမှာ ၂၀၁၃ ခုနှစ်အတွင်း ၄၉ ရက်ကြာ မိုးရွာသွန်းမှုနောက်ပိုင်း လတ်တလော ၄၂ ရက်ဆက်တိုက် မိုးရွာသွန်းနေမှုဟာ အရှည်ကြာဆုံးလည်း ဖြစ်လာပါတယ်။ ဆိုးလ်မြို့လယ်ရှိ ဟန်မြစ် (Han River) တစ်လျှောက် ရေလွှမ်းမိုးနေခဲ့ပြီး လမ်းနဲ့တံတားအများစုမှာ ယာဥ်လမ်းကြောင်း ပြန်အသုံးပြုနိုင်ပြီး အပျက်အစီးတွေကို ယ‌နေ့ ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်း Yonhap သတင်းဌာနက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အိမ်နီးချင်း မြောက်ကိုရီးယားရဲ့ နေရာဒေသအချို့မှာလည်း မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ရေကြီးမှုတွေဖြစ်ပေါ်နိုင်ကြောင်း နိုင်ငံပိုင်သတင်းဌာနက သတိပေးထားတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးကဏ္ဍ အပါအဝင် နိုင်ငံ့စီးပွားရေးကဏ္ဍ အားလုံးအနေနဲ့ ရုတ်တရက် မိုးသည်းထန်မှုကြောင့် ထိခိုက်ပျက်စီးမှုကို ကာကွယ်တားဆီးရေး ဆောင်ရွက်နေကြောင်း မြောက်ကိုရီးယားသတင်းဌာန KCNA က ယနေ့ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နေရာဒေသအချို့မှာ မိုးရေချိန် လက်မ ၂၀ အထိ ရွာသွန်းနိုင်ကြောင်းလည်း KCNA က ဆိုပါတယ်။ ထိုအတောအတွင်း Yonhap သတင်းဌာနက တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်ကို ကိုးကားဖော်ပြမှုအရ မြောက်ကိုရီးယားဟာ နယ်စပ်ဒေသ ရေကာတာတစ်ခုရဲ့ ရေတံခါးတွေကို ကြိုတင်အသိပေးခြင်း မရှိဘဲ ယမန်နေ့ (ဇူလိုင် ၃ ရက်) မှာ ဖွင့်ခဲ့ကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က