တောမီးကြောင့် ယခုသီတင်းပတ်အတွင်း လူ ၂၇ ဦး သေဆုံးခဲ့ပြီး မြေဧက ၅ သန်းနီးပါး မီးလောင်သွားခဲ့ပါတယ်။
Ko John

အမေရိကန်မှာ တောမီးလောင်မှုများမှ ထူထပ်တဲ့ မီးခိုးငွေ့တွေက နိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းတစ်ခွင် ပျံ့နှံ့ဖုံးလွှမ်းနေခဲ့တာကို စက်တင်ဘာ ၁၂ ရက်မှာ ကြုံခဲ့ကြရပါတယ်။

(Photo: Reuters)

အမေရိကန် အနောက်ဘက်ကမ်းရိုးတန်း ပြည်နယ်တွေမှာ အကြီးအကျယ် လောင်ကျွမ်းနေခဲ့တဲ့ တောမီးကြောင့် ယခုသီတင်းပတ်အတွင်း လူ ၂၇ ဦး သေဆုံးခဲ့ပြီး မြေဧက ၅ သန်းနီးပါး မီးလောင်သွားခဲ့ပြီး ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား၊ အော်ရီဂွန်နဲ့ ဝါရှင်တန် ပြည်နယ်တွေမှာ တောမီးလောင်မှုတွေ အားကောင်းနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် တစ်ခုတည်းမှာပင် ယခုနှစ် တောမီးလောင်မှုကြောင့် မြေဧက ၃.၂ သန်း လောင်ကျွမ်းသွားခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ကွန်နက်တီကက်ပြည်နယ် အရွယ်အစားနဲ့ တူညီနေပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်လွယ်စေတဲ့ ပူပြင်းခြောက်သွေ့မှု အခြေအနေတွေက တောမီးကို ပိုမိုအားကောင်းစေတယ်လို့ ဆိုပါတယ်။
(Photo: Reuters)

မကြုံစဖူး ကြီးမားတဲ့ တောမီးလောင်မှုတွေက ယခုအခါ နယူးဂျာစီပြည်နယ် အကျယ်အဝန်းရှိ မြေဧရိယာကို လောင်ကျွမ်းပျက်စီးသွားစေခဲ့ပါတယ်။ တောမီးကြောင့် မီးခိုးငွေ့များ ထူထပ်ပျံ့နှံ့နေခဲ့ရာ လေထုအရည်အသွေး စောင့်ကြည့်စနစ် IQAir က စနေနေ့ (စက်တင်ဘာ ၁၂ ရက်) မှာ ဖော်ပြထားတဲ့ ကမ္ဘာအဆိုးဆုံး လေထုညစ်ညမ်းမှု နေရာငါးခုလုံးဟာ အမေရိကန် အနောက်ဘက်ကမ်းရိုတန်းဒေသမှာ ဖြစ်ခဲ့ပါတယ်။

ထိုဒေသမှာ ထူထပ်တဲ့ မီးခိုးငွေ့နဲ့ ပြာမှုန်တွေဟာ လောစ်အိန်ဂျလိစ်မြို့ ကောင်းကင်ယံမှ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့အထိပင် ပျံ့နှံ့ရောက်ရှိနေခဲ့ပါတယ်။ အမေရိကန်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုတွေကို မီးသတ်သမား ၂၀,၀၀၀ ကျော်က ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေကြကြောင်း AFP သတင်းက ဖော်ပြပါတယ်။ 


Author


က္က