ဆေးခန်းမှာဖြစ်ပွားတဲ့ ပေါက်ကွဲမှုဟာ ဂက်စ်ယိုစိမ့်မှုကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
Ko John

အီရန်နိုင်ငံ တီဟီရန်မြို့တော်ရှိ ဆေးခန်းတစ်ခန်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: AFP/Getty Images)

ယမန်နေ့ (ဇွန် ၃၀ ရက်) က တီဟီရန်မြောက်ပိုင်းရှိ Sina Atha ဆေးခန်းမှာ‌ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွင်း လူအချို့လည်း ဒဏ်ရာရခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း စိုးရိမ်နေပါတယ်။ ဆေးခန်းမှာဖြစ်ပွားတဲ့ ပေါက်ကွဲမှုဟာ ဂက်စ်ယိုစိမ့်မှုကြောင့်ဖြစ်ကြောင်း တီဟီရန် လက်ထောက်မြို့တော်ဝန် Hamid Reza Goudarzi အီရန်အစိုးရ ရုပ်မြင်သံကြားသတင်းဌာနကို ပြောပါတယ်။

ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြမှုအရ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာမှာ မီးခိုးလုံးကြီးထွက်နေခဲ့တာ တွေ့ရပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှုကို မီသတ်သမားတွေက နာရီအတန်ကြာ ငြှိမ်းသတ်ခဲ့ရပါတယ်။

(Photo: AFP/Getty Images)

ဆေးခန်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူအနက် အများစုဟာ အမျိုးသမီးများဖြစ်ကြောင်း သိရပါတယ်။ သေဆုံးအချို့ဟာ ဆေးခန်းရဲ့ အပေါ်ထပ်တွေနဲ့ စမ်းသပ်ကုသခန်းတွေထဲမှာ ရှိနေခဲ့ကြတယ်လို့ တီဟီရန် မီးသတ်တပ်ဖွဲ့ ပြောခွင့်ရအမျိုးသား Jalal Maleki က ပြောကြောင်း အီရန်သတင်းဌာန ISNA မှာ ဖော်ြပပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားစဥ်က ဆေးခန်းထဲမှာ ဝန်ထမ်း ၂၅ ဦး ရှိနေခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်ကလည်း တီဟီရန်မြို့အနီးရှိ စစ်ဘက်ဆိုင်ရာ နေရာတစ်ခုအနီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ ထိုပေါက်ကွဲမှုဟာ ဂက်စ်သိုလှောင်ကန် ယိုစိမ့်မှုကြောင့်ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်အပြောင်းအလဲ ရှိနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ


က္က