အွန်လိုင်းမှတစ်ဆင့် လူသတ်သမား ငှားရမ်းခဲ့တာဖြစ်ပါတယ်။

စင်ကာပူမှာ အိမ်ထောင်ရှိသူ အမျိုးသားတစ်ဦးက ၎င်းနဲ့ဇာတ်လမ်းဖြစ်ခဲ့တဲ့ တိတ်တိတ်ပုန်း အတူနေအမျိုးသမီးရဲ့ ချစ်သူသစ်ကို ကြေးစားလူသတ်သမားငှားရမ်းပြီး သတ်ခိုင်းမှုဖြစ်ပွားခဲ့ပါတယ်။

(Photo: MediaCorp)

အသက် ၄၇ နှစ်အရွယ် စင်ကာပူအမျိုးသား Allen Vincent Hui Kim Seng က ၎င်းအတွက် လူသတ်ပေးရန် မှောင်ခိုကွန်ရက် ဝက်ဘ်ဆိုက်များမှတစ်ဆင့် အမေရိကန်ဒေါ်လာ ထောင်နဲ့ချီပေးကာ ငှားရမ်းခဲ့တယ်လို့ ဝန်ခံထွက်ဆိုပါတယ်။ Hui က ရည်ရွယ်ချက်ရှိရှိဖြင့် လူသတ်ရန် အားပေးကူညီမှုနဲ့ ရာဇဝတ်မှုမြောက် ခြိမ်းခြောက်မှုတို့အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။



တရားရုံး ကြားနာစစ်ဆေးမှုအရ စီးပွားရေးလုပ်ငန်း ဘဏ္ဍာရေးဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုအရာရှိအဖြစ် လုပ်ကိုင်နေတဲ့ Hui ဟာ အိမ်ထောင်ရှိသူဖြစ်ကာ သမီးတစ်ဦးလည်းရှိပါတယ်။ Hui က ၎င်းနဲ့အတူ အလုပ်လုပ်ကိုင်တဲ့ အသက် ၃၀ အရွယ် မလေးရှားအမျိုးသမီးတစ်ဦးနဲ့ ၂၀၁၆ ခုနှစ် ဧပြီလမှာ အချစ်ဇာတ်လမ်း စခဲ့ကြတယ်လို့ဆိုပါတယ်။

(Photo: StraitsTimes)

မလေးရှားအမျိုးသမီးက Hui ဟာ အိမ်ထောင်ရှိသူဖြစ်ကြောင်း သိထားခဲ့ပေမဲ့ ဇနီးဖြစ်သူကို လမ်းခွဲတော့မယ်လို့ Hui က အခိုင်အမာ ပြောခဲ့ကြောင်းလည်း သိရပါတယ်။ ထို့နောက် Hui က ကုမ္ပဏီကနေ ၂၀၁၆ ခုနှစ် နိုဝင်ဘာမှာ အလုပ်ထွက်သွားခဲ့ပေမဲ့လည်း ၎င်းတို့နှစ်ဦးဟာ ဆက်လက်တွေ့နေခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ Hui က ၎င်းရဲ့ဇနီးနဲ့ လမ်းခွဲရန် ရည်ရွယ်ထားခြင်းမရှိတာကို မလေးရှားအမျိုးသမီးက သိရှိသွားခဲ့ပြီး Hui နဲ့ ခပ်ခွာခွာနေခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလမှာတော့ Hui နဲ့ ၎င်းရဲ့ တိတ်တတ်ပုန်း အတူနေအမျိုးသမီးတို့ အချစ်ဇာတ်လမ်း အဆုံးသတ်ခဲ့ကြကြောင်း သိရပါတယ်။ သို့သော် Hui က လက်ဆောင်များဝယ်ပေးခြင်း၊ ၎င်းတို့နှစ်ဦး တိတ်တိတ်ပုန်း အတူနေခဲ့ကြစဉ် ငှားရမ်းထားတဲ့ တိုက်ခန်းငှားခကို တစ်ဝက်ပေးခြင်းတို့ဖြင့် ထိုအမျိုးသမီးနဲ့ ဇာတ်လမ်းဆက်လိုကြောင်း ပြသခဲ့ပါတယ်။

(Photo: TNS)

ထို့နောက် မလေးရှားအမျိုးသမီးဟာ အလုပ်သစ်ရသွားခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလမှာ သူမရဲ့ချစ်သူသစ်ကို တွေ့ခဲ့တယ်လို့ဆိုပါတယ်။ ချစ်သူသစ်ရပြီဖြစ်ကြောင်း မလေးရှားအမျိုးသမီးက Hui ကိုလည်း အသိပေးပြောကြားခဲ့ပါတယ်။ ထိုသို့ပြောခဲ့ပြီးနောက် Hui က သဝန်တိုပြီး ထိုအမျိုးသမီးနောက်ကို လိုက်ချောင်းခဲ့ကာ သူမရဲ့ချစ်သူသစ်က မည်သူဖြစ်ကြောင်း စုံစမ်းခဲ့တယ်လို့ သိရပါတယ်။

Hui က မလေးရှားအမျိုးသမီးရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို စောင့်ကြည့်ခဲ့ပြီး မည်သူရဲ့ Instagram ပို့စ်ကို သူမက Like လုပ်ခဲ့ကြောင်းနဲ့ သူမရဲ့ချစ်သူသစ်ပုံကိုလည်း screenshot ရယူထားခဲ့ပါတယ်။ ထို့နောက်မှာတော့ Hui က Google မှာ 'hitmen for hire' လို့ ရှာဖွေခဲ့ပြီး မှောင်ခိုဝက်ဘ်ဆိုက်တွေကို ကြည့်ရှုနိုင်မယ့် browser တစ်ခုကို download လုပ်ခဲ့ပါတယ်။ ထိုမှတစ်ဆင့် Hui က လူသတ်သမားငှားရမ်းနိုင်တဲ့ ဝက်ဘ်ဆိုက်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။

(Photo: Mothership.sg)

အစပိုင်းမှာ Hui က မလေးရှားအမျိုးသမီးနဲ့ ဇာတ်လမ်းဖြစ်နေတဲ့ ချစ်သူသစ် အမျိုးသားရဲ့ ညာဖက်လက်ကို ဖြတ်ပစ်ရန် ပြောခဲ့ပါတယ်။ ထို့နောက် ထိုအမျိုးသားရဲ့ မျက်နှာကို အက်ဆစ်ဖြင့်ပက်ရန် ပြောင်းလဲစေခိုင်းခဲ့ပြီး နောက်ဆုံးမှာတော့ ၎င်းကိုသတ်ပစ်ရန် စေခိုင်းခဲ့ကြောင်း တရားရုံး ကြားနာစစ်ဆေးမှု မှတ်တမ်းကို ကိုးကားပြီး CNA သတင်းက ဖော်ပြပါတယ်။

Hui ရဲ့ ညွန်ကြားစေခိုင်းမှုအရ မလေးရှားအမျိုးသမီးရဲ့ ချစ်သူသစ်ကို ယမန်နှစ် မေလ ၂၂ ရက်မှာ ကားမတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ပုံစံမျိုးစီစဉ်ပြီး သတ်ပစ်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော် ထိုသို့ စီစဉ်ထားတဲ့ရက်မတိုင်မီ မေလ ၁၂ ရက်မှာ CBS သတင်းဌာနမှ သတင်းထောက်တစ်ဦးက စင်ကာပူနိုင်ငံသားတစ်ဦးဟာ ၂၀၁၈ ခုနှစ် မေလ ၂၂ ရက်မှာ ၎င်းအတွက် လူသတ်ပေးရန် ငှားရမ်းထားမှုရှိကြောင်း ဝါရှင်တန်ဒီစီရှိ စင်ကာပူသံရုံးကို သတင်းပေး အကြောင်းကြားခဲ့ပါတယ်။

(Photo: Beta News)

တရားရုံး ကြားနာစစ်ဆေးမှု မှတ်တမ်းတွေအရ အဆိုပါ သတင်းထောက်ဟာ Hui က လူသတ်သမားငှားရမ်းထားမှုကို မည်သို့ သိရှိသွားခဲ့ကြောင်းကိုမူ မဖာ်ပြထားဘူးလို့ CNA သတင်းက ပြောပါတယ်။ လက်ရှိအချိန်အထိ အိမ်ထောင်ရှိသူဖြစ်တဲ့ Hui ကို ၂၀၁၈ ခုနှစ် မေလ ၁၇ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ထို့နောက် လူသတ်ရန်ငှားရမ်းထားမှုကို ပြန်ရုပ်သိမ်းခဲ့ပြီး ငွေပေးချေရန်အတွက် ၎င်းအသင့်ပြင်ထားခဲ့တဲ့ bitcoin ဒစ်ဂျစ်တယ်ငွေတွေကိုလည်း ပြန်ထုတ်ခဲ့ကြောင်း သိရပါတယ်။

တရားရုံးက ယခုအမှုနဲ့ပတ်သက်ပြီး Hui ရဲ့ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် လျှောက်ထားချက်အပေါ် ကြားနာမှုကို ရွှေ့ဆိုင်းထားပြီး လာမယ့် စက်တင်ဘာလမှာ အမိန့်ချမယ်လို့ ဆိုပါတယ်။ စင်ကာပူမှာ ယခုနှစ် မေလအတွင်းကလည်း တိတ်တိတ်ပုန်း အတူနေအမျိုးသမီး အလှမယ်ဟောင်းရဲ့ ချစ်သူကို လူငှားရမ်းပြီး ထိုးကြိတ်ရိုက်နှက်ခိုင်းမှုဖြင့် လုပ်ငန်းရှင်အမျိုးသားတစ်ဦးကို ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က