တိုကျိုမြို့မှာ လူငယ်တွေ ညပိုင်း သွားလာမှုများတဲ့ ဖျော်ဖြေရေးနေရာတွေမှာ ကူးစက်မှုတွေ တွေ့ရှိရပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ COVID-19 ကူးစက်မှုအသစ်တွေ မြင့်တက်နေပြီးနောက် သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ယနေ့ (ဇူလိုင် ၁၅ ရက်) ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

(Photo: Kyodo)

တိုကျိုမှာ COVID-19 သတိပေးချက်ကို အနီရောင်အဆင့် အမြင့်ဆုံး သတ်မှတ်လိုက်ခြင်းက စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရန် သို့မဟုတ် အခမ်းအနားတွေ ရွှေ့ဆိုင်းရန် မဟုတ်ကြောင်းနဲ့ နိုးနိုးကြားကြားဖြင့် သတိထားရန်ဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်မှာ COVID-19 ထိန်းချုပ်ရေး ပြီးခဲ့တဲ့ ဧပြီလအတွင်း တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပေမဲ့ ဥရောပမှာကဲ့သို့ lockdown သတ်မှတ်ခြင်း မရှိခဲ့ပါဘူး။



"ကူးစက်မှုအခြေအနေက သတိပေးမှုစနစ် အဆင့်လေးခုအနက် အမြင့်ဆုံး စတုတ္တအဆင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ကျွန်မတို့ကို ပြောပါတယ်" လို့ တိုကျိုအုပ်ချုပ်ရေးမှူး Yuriko Koike က COVID-19 ကိစ္စ အစည်းအဝေးတစ်ခုအတွင်း ပြောခဲ့ပါတယ်။ တိုကျိုမြို့မှာ လူငယ်တွေကြား ကူးစက်မှုတွေ မြင့်တက်နေပြီး ညပိုင်း သွားလာမှုများတဲ့ ဘားဆိုင်၊ နိုက်ကလပ်ကဲ့သို့ နေရာတွေမှာ ကူးစက်မှုတွေ တွေ့ရှိရပါတယ်။

(Photo: Reuters)

ထို့အတူ လုပ်ငန်းခွင်နေရာတွေနဲ့ မိသားစုများထဲမှာလည်း COVID-19 ကူးစက်မှုတွေ ရှိနေကြောင်း AFP သတင်းက ဖော်ပြပါတယ်။ ဂျပန်မှာ ဝန်ကြီးချုပ် ရှင်ဇိုအဘေးက တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကို မေလနှောင်းပိုင်းမှာ ရုပ်သိမ်းခဲ့ပြီး ထိုသို့ ပြန်လည်ထုတ်ပြန်ရန် ဆန္ဒအနည်းငယ်သာရှိပါတယ်။

ဂျပန်နိုင်ငံဟာ COVID-19 ဂယက်ကြောင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှုလည်း ကြုံခဲ့ရပါတယ်။ တစ်နိုင်ငံလုံးမှာ အရေးပေါ်အခြေအနေ ရုပ်သိမ်းလိုက်ပြီးနောက် လက်တလော ရက်ပိုင်းအတွင်း နေ့စဥ် ကူးစက်မှုအသစ်တွေ မြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုကျိုမြို့မှာ နေ့အလိုက် ကူးစက်ခံရသူအသစ် ၂၄၃ ဦး တွေ့ရှိရပြီး အများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။

(Photo: AFP)

တိုကျိုဟာ ဂျပန်မှာ COVID-19 ကူးစက်မှုအသစ်တွေ ပြန်လည်ဖြစ်ပွားမှုရဲ့ ဗဟိုချက်နေရာလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကူးစက်မှုအသစ် အများအပြားဟာ တိုကျိုမြို့ရှိ ညပိုင်း သွားလာမှုများတဲ့ ဖျောဖြေရေးနေရာတွေမှာဖြစ်ပြီး ကူးစက်ခံရသူတွေဟာ အသက် ၂၀ ကျော်နဲ့ ၃၀ ကျော်အရွယ်တွေ ဖြစ်ကြတယ်လို့ အဏာပိုင်တွေက ပြောပါတယ်။

ထိုအသက်အရွယ်တွေမှာ ကူးစက်ခံရပါက အပြင်းအထန် နေမကောင်းဖြစ်မှုနည်းပါးကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂၂,၀၀၀ ကျော်၊ သေဆုံးသူ ၉၈၂ ဦးနဲ့ ပြန်လည်သက်သာသူ ၁၈,၀၀၀ ကျော်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က