ချီဘားနဲ့ ဖူကူရှီးမား စီရင်စုတွေမှာ ဒေသခံတွေကို ရွှေ့ပြောင်းရန်ညွန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဂျပန်အရှေ့ပိုင်း ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပြီး ယနေ့ (အောက်တိုဘာ ၂၆ ရက်) အထိ သေဆုံးသူအရေအတွက် ၁၀ ဦးရှိလာကြောင်း NHK သတင်းက ပြောပါတယ်။

(မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် ပြိုကျခဲ့သည့်နေအိမ်) (Photo: Reuters)

မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုများအတွင်း အခြား လူသုံးဦး ပျောက်ဆုံးနေကြောင်းလည်း သိရပါတယ်။ ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) က ဂျပန်အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းရှိ ရေကြီးနေတဲ့ ချီဘားနဲ့ ဖူကူရှီးမား စီရင်စုတွေမှာ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပါတယ်။



ထိုဒေသတွေမှာ သီတင်းခြောက်ပတ်အတွင်း တတိယအကြိမ် မိုးသက်မုန်တိုင်းကျမှု ကြုံခဲ့ကြရတယ်လို့ ဆိုပါတယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် နေရာအချို့မှာ နေ့တစ်ဝက်အတွင်း ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ တစ်လအတွင်း မိုးရေချိန်နဲ့တူညီခဲ့ပါတယ်။

(ချီဘားစီရင်စုမှာ ရေကြီးနေမှု) (Photo: AP)

ပြီးခဲ့တဲ့လကတည်းက တိုင်ဖွန်းမုန်တိုင်းနှစ်ခု ဖြတ်သန်းတိုက်ခတ်မှုကြုံခဲ့ရတဲ့ ဂျပန်မြောက်ပိုင်း ဒေသတွေမှာ ရွှေ့ပြောင်းမိန့်နဲ့ အကြံပြုချက်များ ထုတ်ပြန်ထားပါတယ်။ ချီဘားစီရင်စုရှိ အူရှီကူ (Ushiku) မြို့ရဲ့ မိုးရေချိန်ဟာ ၁၂ နာရီအတွင်း ၁၁ လက်မကျော်အထိ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

လတ်တလော ဝင်ရောက်တိုက်ခတ်သွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်ဟာ ဂျပန်နိုင်ငံမှ ရွေ့လျားသွားခဲ့ပြီးဖြစ်ပေမဲ့ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ နေရာဒေသများမှ ဒေသခံတွေဟာ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်နေကြရဆဲဖြစ်ပြီး ရထားနဲ့ဘတ်စ်ကား ဝန်ဆောင်မှုအချို့ကိုလည်း ရပ်ဆိုင်းထားရဆဲဖြစ်ကြောင်း သိရပါတယ်။

(တိုင်ဖွန်းဟာဂီဘစ် တိုက်ခတ်အပြီး ကယ်ဆယ်ရေးဆောင်ရွက်နေမှု) (Photo: Reuters)

ဂျပန်အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ တိုင်ဖွန်းဟာဂီဘစ် ဖြတ်သန်းတိုက်ခတ်မှုအတွင်း လူ ၈၈ ဦး သေဆုံးပြီး အခြား လူခုနစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ လူ ၃၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ချီဘားစီရင်စုမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေများလျှံတက်ပြီး လမ်းမအချို့ ပိတ်ထားရကာ အိမ်ထောင်စု ၄,၇၀၀ ဝန်းကျင်မှာ ရေပြတ်လပ်နေကြောင်း NHK က ပြောပါတယ်။

ချီဘားစီရင်စုမှာ အနည်းဆုံး လူဦးရေ ၈၀,၀၀၀ ကို ရွှေ့ပြောင်းရန်ညွှန်ကြားထားပြီး ရထားခရီးစဉ်အများစုကိုလည်း ရပ်ဆိုင်းထားပါတယ်။ ထို့အတူ ဖူကူရှီးမားစီရင်စုမှာ မြေပြိုမှုများဖြစ်ပေါ်နိုင်တာကြောင့် ဒေသခံ ၃၄၀,၂၀၅ ဦးကို ရွှေ့ပြောင်းကြရန် အစိုးရက ပြောထားကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က