လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ ဖြင့် ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ ခရစ္စမတ်ကာလအတွင်း တိုင်ဖွန်းမုန်တိုင်းဖန်ဖုန်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက် ၂၈ ဦးအထိရှိလာခဲ့ပြီး အခြား လူ ၁၂ ဦး ပျောက်ဆုံးနေကြောင်း အစိုးရတာဝန်ရှိသူတွေက ယနေ့ (ဒီဇင်ဘာ ၂၇ရက်) ပြောပါတယ်။

(Photo: AFP)

လက်ရှိမှာ အာဏာပိုင်တွေက မုန်တိုင်းဒဏ်သင့်နေရာတွေမှာ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရန် လုပ်ဆောင်နေခဲ့ပြီး ဒေသခံတွေက နေအိမ်အပျက်အစီးများကို ပြင်ဆင်ရန်ကြိုးပမ်းနေပါတယ်။ တိုင်ဖွန်းမုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ ဖြင့် ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ နေအိမ်အမိုးများလန်ထွက်ခြင်း၊ သစ်ပင်များလဲကျခြင်းနဲ့ လျှပ်စစ်ဓားအားလိုင်းတိုင်များ လဲပြိုခြင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။



မုန်တိုင်းတိုက်ခတ်မှုကို အဆိုးရွားဆုံးခံရတဲ့ နေရာဒေသတွေမှာ အင်တာနက်နဲ့ မိုဘိုင်းဖုန်းလိုင်များ ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။

တိုင်ဖွန်းဖန်ဖုန်း (Typhoon Phanfone) တိုက်ခတ်မှုကြောင့် ပျက်စီးမှုအတိုင်းအတာကို ယနေ့ မနက်ပိုင်းအထိ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

(Photo: AFP)

တိုင်ဖွန်းဖန်ဖုန်းက Boracay ကျွန်း၊ Coron ဒေသနဲ့ သဲဖြူကမ်းခြေတွေရှိတာကြောင့် ထင်ရှားကျော်ကြားပြီး ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ အားလပ်ရက် အပန်းဖြေခရီးထွက်ရာ အခြား နေရာများကိုလည်း ဖြတ်သန်းတိုက်ခတ်ခဲ့ကြောင်း သိရပါတယ်။

မုန်တိုင်းကြောင့် Boracay ကျွန်းသို့ လေကြောင်းခရီးစဥ် ဝန်ဆောင်မှုပေးနေတဲ့ Kalibo ဒေသရှိ လေဆိပ်ဟာ ဆိုးရွားစွာ ပျက်စီးခဲ့တယ်လို့ အဆိုပါ လေဆိပ်မှာ သောင်တင်နေခဲ့သူ တောင်ကိုရီးယားလူမျိုး ကမ္ဘာလှည့်ခရီးသည်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။ ဖိလစ်ပိုင်မှာ ခရစ္စမတ်ကာလ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် လူဦးရေ ၁၆,၀၀၀ ကျော်ကို စာသင်ကျောင်းများ၊ ကိုယ်လက်လေ့ကျင့်ရေးစင်တာများနဲ့ အစိုးရအဆောက်အအုံများသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

(Photo: EPA-EFE)

"လမ်းတွေပိတ်နေတယ်၊ အပျက်အစီးတွေကို ရှင်းလင်းဖို့တော့ လုပ်နေကြတယ်၊ တော်တော်လေး ဆိုးပါတယ်" လို့ Jung Byung Joon က ဆိုပါတယ်။ လေဆိပ်ရဲ့ ကိုက်တစ်ရာအတွင်း ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီး လေကြောင်းခရီးစဥ်တွေ ဖျက်သိမ်းမှုကြောင့် လေဆိပ်မှာ သောင်တင်နေသူတွေ အခက်အခဲကြုံခဲ့ရပါတယ်။ "အပြင်မှာ တက္ကစီတွေကတော့ ရှိနေတုန်းပဲ၊ ဒါပေမဲ့ လေပြင်းတိုက်နေတော့ ကျွန်တော်အပါအဝင် ဘယ်သူမှ လေဆိပ်ထဲကနေ မထွက်ချင်ကြဘူးလေ" လို့ Jung Byung Joon ဖြည့်စွက်ပြောပါတယ်။

(Photo: EPA-EFE)

ဖန်ဖုန်းမုန်တိုင်းဟာ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းဟိုင်ယန် (Super Typhoon Haiyan) ထက် အားလျော့နည်းပေမဲ့ ဖြတ်သန်းရာလမ်းကြောင်း တူညီနေပါတယ်။ ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းတွေအနက် စူပါတိုင်ဖွန်းဟိုင်ယန်ဟာ လူသေဆုံးမှုအများဆုံး မုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လူ ၇,၃၀၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

နောက်ဆက်တွဲသတင်းအရ ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်း ဖန်ဖုန်းကြောင့် သေဆုံးသူအရေအတွက် ၄၁ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် အပူပိုင်းမုန်တိုင်းနဲ့ ဆိုင်ကလုန်းမုန်တိုင်း ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး ရာနဲ့ချီတဲ့ လူသေဆုံးမှုတွေဖြစ်ကာ မုန်တိုင်းဒဏ်သင့် နေရာများရှိ ဒေသခံတွေဟာ ဆင်းရဲမွဲတေမှု အတောမသတ်နိုင် ဖြစ်ကြရပါတယ်။


Share

Loading Next Article...
က္က