အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ တစ်လအတွင်း ဒုတိယအကြိမ် လူအများအပြားကို ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ခုနစ်ဦး သေဆုံးပြီး အခြား ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
(ပစ်ခတ်ခံရသည့် ကားတစ်စီး) (Photo: @Ernestillanu13/Twitter)
သြဂုတ် ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါ ပစ်ခတ်မှုမှ အသက် ၃၀ ကျော်အရွယ် လူဖြူအမျိုးသား သေနတ်သမားကိုလည်း ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။ သေနတ်သမားဟာ Odessa မြို့မှ အသက် ၃၆ နှစ်အရွယ် Seth Aaron Ator ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုဟာ တက္ကဆက်ပြည်နယ် West Texas ဒေသရှိ Midland နဲ့ Odessa မြို့နှစ်မြို့ကြားမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
သေနတ်သမားရဲ့ကားကို တားမြစ်ခဲ့ရာတဲ့ ရဲအရာရှိတစ်ဦး ပထမဆုံး ပစ်ခတ်ခံခဲ့ရပါတယ်။ ရဲအရာရှိကို ပစ်ခတ်ခဲ့ပြီးနောက် သေနတ်သမားက အနီးအနားမှ ယာဉ်မောင်းတွေနဲ့ ဖြတ်သန်းသွားလာသူတွေကို ကားပေါ်ကနေ ကြုံသလိုပစ်ခတ်ခဲ့ပါတယ်။ ထို့နောက် သေနတ်သမားက ၎င်းရဲ့ ကားကိုထားခဲ့ပြီး စာတိုက်ထရပ်ကားကို အပိုင်စီးရယူမောင်းနှင်သွားခဲ့ကာ တွေ့ရာမြင်ရာ ဆက်လက် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
(သေနတ်သမားကို ပစ်သတ်ခဲ့သည့်နေရာ) (Photo: Getty Images)
နောက်ဆုံးမှာ ရဲတပ်ဖွဲ့က သေနတ်သမားကို ရုပ်ရှင်ရုံနေရာတစ်ခုမှာ အသေပစ်သတ်ခဲ့ပါတယ်။ သေနတ်သမားက တွေ့ရာမြင်ရာ ရမ်းကားပစ်ခတ်ခဲ့တဲ့ အကြောင်းရင်းကို လက်ရှိအချိန်ထိ ရှင်းလင်းစွာ မသိရသေးကြောင်း BBC သတင်းက ပြောပါတယ်။
ယမန်နေ့ ဒေသစံတောချိန် မွန်းလွဲ ၃ နာရီကျော်မှ စတင်ဖြစ်ပွားခဲ့တဲ့ ကြုံရာပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူ ၂၁ ဦးအနက် ရဲအရာရှိ သုံးဦးလည်း ပါဝင်ပါတယ်။ ဆေးရုံတာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရ ဒဏ်ရာရခဲ့သူတွေအနက် အသက် ၁၇ လအရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့ပြီး ခုနစ်ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်ကြောင်း CNN သတင်းက ဖော်ပြထားပါတယ်။
(ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သည့် ကေးလငယ်) (Photo: Facebook)
သေနတ်သမားက ၎င်းရဲ့ကားကို တားမြစ်ခဲ့တဲ့ Texas Department of Public Safety မှ အရာရှိကို ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း Midland မြို့တော်ဝန် Jerry Morales က ပြောပါတယ်။ သြဂုတ် ၃ ရက်နေ့ကလည်း တက္ကဆက်ပြည်နယ် အယ်လ်ပါဆို (El Paso) မြို့ရှိ Walmart စတိုးဆိုင်မှာ သေနတ်သမားတစ်ဦးက ချေမှုန်းရေး ရိုင်ဖယ်သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။
လတ်တလော လပိုင်းအတွင်း အမေရိကန် ဖြစ်ပွားခဲ့တဲ့ နောက်ထပ် ပစ်ခတ်မှုတစ်ခုအဖြစ် ဇူလိုင် ၂၈ ရက်နေ့က ကယ်လီဖိုးနီးယားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Gilroy Garlic Festival အစားအစာပွဲတော်မှာ သေနတ်သမားတစ်ဦး ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ အစားအစာပွဲတော် ပစ်ခတ်မှုအတွင်း ကလေးနှစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့ပါတယ်။ အမေရိကန်နဲ့ ၂၀၁၇ ခုနှစ်အတွင်း သေနတ်နဲ့ဆက်နွယ်တဲ့ လူသေဆုံးမှု ၄၀,၀၀၀ နီးပါးရှိခဲ့ကြောင်း သိရပါတယ်။