မြန်မာကျပ်ငွေ ၁၁,၀၀၀ ကျော်သာ ကျသင့်မှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို ၂ နာရီအတွင်း စစ်ဆေးနိုင်ပါတယ်။
Ko John

အာဂျင်တီးနားနိုင်ငံမှ သိပ္ပံပညာရှင်တွေက တန်ဖိုးနည်းပြီး ကိုရိုနာဗိုင်းရပ်စ်ကို နာရီပိုင်းအတွင်း စစ်ဆေးနိုင်တဲ့ပစ္စည်းတစ်မျိုး ထုတ်လုပ်နေ‌ကြောင်း သိရပါတယ်။

အာဂျင်တီးနား သိပ္ပံပညာရှင်တွေရဲ့ အဆိုပါ ဗိုင်းရပ်စ်စစ်ပစ္စည်းကို အခြားနိုင်ငံတွေကလည်း စိတ်ဝင်စားမှုရှိနေကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ဗိုင်းရပ်စ်စစ်ဆေးတဲ့ ပစ္စည်းအသစ်ကို "NEOKIT-COVID-19" လို့ အမည်ပေးထားပြီး ဗိုင်းရပ်စ်ရှိ မရှိ အချိန်နှစ်နာရီအတွင်း သိရှိနိုင်တယ်လို့ တီထွင်ထုတ်လုပ်သူတွေက ဆိုပါတယ်။ "ရိုးရှင်းတယ်၊ ဈေးသက်သာပြီး အသင့်သုံးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်" လို့ Pablo Cassara Foundation မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Santiago Werbajh က Reuters ကို ပြောပါတယ်။

(Photo: Reuters)

"ဈေးနည်းပါတယ်၊ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ (မြန်မာကျပ်ငွေ ၁၁,၀၀၀ ကျော်) လောက်ပါပဲ၊ စစ်ဆေးချိန် မကြာဘဲ ကိုင်တွယ်အသုံးပြုရတာက ရိုးရှင်းပါတယ်၊ ဒါကြောင့် ပြင်ပလူနာ အများကြီးကို စစ်ဆေးနိုင်ပါတယ်၊ လက်ရှိ ဗိုင်းရပ်စ်စစ်ပစ္စည်းတွေထက် ပိုများများ အသုံးပြုနိုင်ပါတယ်" Santiago Werbajh က ဆိုပါတယ်။

အာဂျင်တီးနားမှာ ယနေ့ (မေ ၂၀ ရက်) မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ COVID-19 အတည်ပြုလူနာ ၈,၈၀၉ ဦးနဲ့ သေဆုံးသူ ၃၉၃ ဦးရှိခဲ့ပါတယ်။ လူဦးရေ ၄၅ သန်းကျော်ရှိတဲ့ အာဂျင်တီးနားမှာ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်စစ်ဆေးမှု ၁၀၈,၀၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

"အိမ်နီးချင်း နိုင်ငံတွေကိုသာမက အခြားနိုင်ငံတွေကိုလည်း တင်ပို့ပေးချင်ပါတယ်၊ အခုလည်း ဒီ ဗိုင်းရပ်စ်စစ်ဆေးပစ္စည်းကို အသုံးပြုဖို့ စိတ်ဝင်စားတဲ့ နိုင်ငံတွေရဲ့ သံရုံးတွေနဲ့ အဆက်အသွယ် ရှိထားပါတယ်" လို့ အာဂျင်တီးနား သိပ္ပံ၊ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန ဝန်ကြီး Roberto Salvarezza က ပြောပါတယ်။ အာဂျင်တီးနားမှာ COVID-19 ထိန်းချုပ်ရေးအတွက် လူဦးရေ အလွန်ထူထပ်တဲ့ နေရာတွေကို မတ်လ ၂၀ ရက်နေ့မှစပြီး lockdown လုပ်ထားကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က