အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ ၁၀ သန်းကျော်လွန်လာခဲ့ကြောင်း Johns Hopkins တက္ကသိုလ် Center for Systems Science and Engineering (CSSE) ရဲ့ COVID-19 Dashboard မှာ ယနေ့ (ဇွန် ၂၈ ရက်) ကိန်းဂဏန်းဖော်ပြမှုတွေအရ သိရှိရပါတယ်။

(Photo: Yossi Zeliger)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၆ လနီးပါးအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၁၀ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ အရေအတွက်ဟာ ဇွန် ၂၂ ရက်နေ့က ၉ သန်းကျော်လွန်ခဲ့တာတွေ့ရပြီး တစ်ပတ်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော်အထိ တိုးလာခဲ့လည်း ဖြစ်ပါတယ်။



COVID-19 ကြောင့် သေဆုံးသူဦးရေဟာလည်း တစ်ကမ္ဘာလုံးမှာ ၅၀၀,၀၀၀ ကျော်လွန်လာခဲ့ပြီး ပြန်လည်သက်သာသူ ၅.၄ သန်းကျော်ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံးဖြစ်တဲ့ အမေရိကန်မှာလည်း ပိတ်ပင်ကန့်သတ်ချက်တွေ စတင်ဖြေလျှော့ပေးနေခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာပြီး ဖလော်ရီဒါနဲ့ တက္ကဆက်ပြည်နယ်တွေမှာ lockodown ပြန်လည် သတ်မှတ်ထားပါတယ်။

(Image: Johns Hopkins University COVID-19 Dashboard)

ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်ဟာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၆ သန်းနီးပါးနဲ့ သေဆုံးသူ ၁၂၈,၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကြာသာပတေး‌နေ့ (ဇွန် ၂၅ ရက်) က COVID-19 ကူးစက်ခံရသူ နောက်ထပ် ၄၀,၀၀၀ တိုးလာခဲ့ပြီး နေ့စဥ် ကူးစက်မှုအသစ် အများဆုံး စံချိန်တင်ခဲ့ကြောင်းလည်း John Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းဖော်ပြမှုအရ သိရှိရပါတယ်။

အမေရိကန်ပြီးလျှင် ဘရာဇီးက ကူးစက်ခံရသူ ၁.၃ သန်းကျော်၊ ရုရှားက ၆၃၃,၀၀၀ ကျော်၊ အိန္ဒိယက ၅၂၈,၀၀၀ ကျော်နဲ့ ဗြိတိန်က ၃၁၁,၀၀၀ ကျော် တွေ့ရှိထားပြီး ကမ္ဘာတစ်ဝှမ်း ကူးစက်မှုအများဆုံး ငါးနိုင်ငံအဖြစ် အစဥ်လိုက်ရပ်တည်နေပါတယ်။ အစောပိုင်းရက်တွေက တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာလည်း COVID-19 ကူးစက်မှုအသစ်တွေ ပြန်တွေ့လာခဲ့ရပြီး ထိန်းချုပ်ဆောင်ရွက်ရေး lockdown အစီအမံများ အလျင်အမြန်သတ်မှတ်ကာ ဗိုင်းရပ်စ်စစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာတော့ ကူးစက်မှုကိုထိန်းချုပ်နိုင်ပြီလို့ ဘေဂျင်းအာဏာပိုင်တွေက ကြေညာထားခဲ့ပါတယ်။

(Photo: Reuters)

လူဦးရေ သန်း ၂၀ ရှိတဲ့ ဘေဂျင်းမြို့မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူအသစ် ၃၁၁ ဦး တွေ့ခဲ့ရပါတယ်။ အစောပိုင်းက COVID-19 ကူးစက်မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့တဲ့ ဩစတြေးလျနိုင်ငံမှာတော့ ဗစ်တိုးရီးယားပြည်နယ်အတွင်း ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာခဲ့တာကြောင့် စစ်ဘက်အမှုထမ်း ၁,၀၀၀ ကို စေလွှတ်ပြီး အကူအညီပေးနေပါတယ်။

ဇွန် ၂၆ ရက် ထုတ်ပြန်မှုအရ မဲလ်ဘုန်းမြို့မှာ နောက်ထပ် ကူးစက်ခံရသူ ၃၀ ဦး တိုးလာခဲ့ပြီး ၁၀ ရက်ဆက်တိုက် ကူးစက်မှုအသစ် အရေအတွက် ဂဏန်းနှစ်လုံး ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ထိုအတောအတွင်း အိန္ဒိယမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေဆဲဖြစ်ပြီး ဒေလီမြို့ဟာ နိုင်ငံမှာ ကူးစက်ဖြစ်ပွားမှု အများဆုံးနေရာ ဖြစ်လာခဲ့ပါတယ်။ ယနေ့အထိ စာရင်းတွေအရ ဒေလီမှာ COVID-19 ကူးစက်ခံရသူ ၇၃,၀၀၀ စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းတို့အနက် ၂,၅၀၀ သေဆုံးခဲ့ပါတယ်။

(Photo: AFP)

COVID-19 ကူးစက်ဖြစ်ပွားမှု မြင့်တက်နေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် အပြင်းအထန် စိန်ခေါ်မှုဖြစ်နေကြောင်း၊ ဇွန်လအစောပိုင်းမှာ လူနာအရေအတွက် များပြားလာခဲ့ပြီး ဆေးရုံကုတင် မလုံလောက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေကြောင်း ဒေလီဝန်ကြီးချုပ် Arvind Kejriwal က ပြောပါတယ်။

COVID-19 ထိန်းချုပ်ကာကွယ်ရေး lockdown အစီအမံများ စတင်ဖြေလျှော့ခဲ့တဲ့ ဥရောပမှာလည်း ကူးစက်မှုတွေ ပြန်လည်မြင့်တက်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ယခုသီတင်းပတ်အတွင်း သတိပေးခဲ့ပါတယ်။ ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ချက်ရီပတ်ဘလစ်နိုင်ငံမှာ ယနေ့ ထုတ်ပြန်မှုအရ COVID-19 ကူးစက်မှုအသစ် ၂၆၀ တွေ့ရှိရပြီး ဧပြီလနောက်ပိုင်း နေ့အလိုက် အမြင့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်တာ တွေ့ရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ဇွန် ၂၇ ရက်နေ့က ထုတ်ပြန်မှုအရ ၂၄ နာရီအတွင်း နောက်ထပ် ကူးစက်ခံရသူ ၁,၃၈၅ ဦး စစ်ဆေးတွေ့ရှိရပြီး နေ့စဥ် ကူးစက်မှုအသစ် အများဆုံးတွေ့ရှိရမှုအဖြစ် စံချိန်တင်ခဲ့ပါတယ်။

မြန်မာနဲ့ COVID-19

မြန်မာနိုင်ငံမှာတော့ COVID-19 ထိန်းချုပ်ရေးအတွက် ဇွန် ၃၀ ရက်အထိ ထုတ်ပြန်ထားတဲ့ အမိန့်ညွန်ကြားချက်တွေကို ဇူလိုင် ၁၅ ရက်အထိ ထပ်မံ တိုးမြှင့်လိုက်ကြောင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက ဇွန် ၂၇ ရက်ညပိုင်းမှာ ကြေညာခဲ့ပါတယ်။ ဖြေလျှော့ပေးထားတဲ့ ကိစ္စရပ်များကလွဲပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများက ထုတ်ပြန်ထားတဲ့ ပြည်သူ့သို့ပန်ကြားချက်၊ အမိန့်ကြော်ငြာစာ၊ ညွန်ကြားချက်တွေကို ထပ်မံတိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားကြောင်း ဗဟိုကော်မတီက ကြေညာခဲ့တာဖြစ်ပါတယ်။

(Photo: Duwun)

ညွှန်ကြားကန့်သတ်ချက်တွေကို ပထမအကြိမ်အဖြစ် ဧပြီ ၃၀ ရက်မှ မေ ၁၅ ရက်အထိ၊ ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်အထိ၊ တတိယအကြိမ်အဖြစ် ဇွန် ၁၅ ရက်နေ့အထိ၊ စတုတ္ထအကြိမ်အဖြစ် ဇွန်လ ၃၀ ရက်အထိ ထပ်မံ တိုးမြှင့်လာခဲ့ရာမှ ယခုအခါ ပဉ္စမအကြိမ်မြောက်အဖြစ် ဇူလိုင် ၁၅ ရက်အထိ ဆက်လက် တိုးမြှင့်လိုက်လာလည်း ဖြစ်ပါတယ်။

ယခု တိုးမြှင့်မှုအရ လူစုလူဝေးနဲ့ ပြုလုပ်ရတဲ့ ပွဲလမ်းဘသင်နဲ့ အခမ်းအနားများ ကျင်းပခွင့်မရှိသေးဘဲ လူစည်ကားနိုင်တဲ့ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခွင့်မပြုသေးပါဘူး။ ထို့အတူ ပြည်ပလေကြောင်းလိုင်းများ ဝင်ရောက်ခွင့်ရပ်နားထားမှု၊ ပြည်ဝင်ခွင့်ဗီဇာ ယာယီရပ်နားထားမှု စတဲ့ ပိတ်ပင်ကန့်သတ်ချက်တွေလည်း ဆက်လက် သတ်မှတ်ထားမှာ ဖြစ်ပါတယ်။

(Image: MoHS COVID-19 Dashboard)

မြန်မာနိုင်ငံမှာ ဇွန်လဆန်းပိုင်းလောက်ကစပြီး အဝေးပြေးယာဉ်လိုင်းတွေ၊ စားသောက်ဆိုင်တွေကို ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။ လာမယ့် ဇူလိုင်လအတွင်းမှာလည်း အခြေခံပညာကျောင်းတွေကို အထက်တန်းအဆင့်မှ စတင်ပြီး COVID-19 ကာကွယ်ရေး စည်းမျဥ်းစည်းကမ်းများနဲ့ အညီ ပြန်ဖွင့်သွားရန် စီစဥ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဇွန် ၂၈ ရက် မနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၂၉၆ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၂၁၆ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဇွန် ၂၈ ရက် မနက်ပိုင်းအထိ လူဦးရေ ၇၁,၆၉၂ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၅,၈၇၈ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က