၉ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။
Ko John

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၈ သန်းကျော်လွန်လာခဲ့ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ COVID-19 Dashboard မှာ ယနေ့ (ဇွန် ၁၆ ရက်) မနက်အစောပိုင်း ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအရ သိရှိရပါတယ်။

(Photo: Getty Images)

COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဇွန် ၈ ရက်နေ့က ၇ သန်းကျော်ရှိခဲ့ရာ ၉ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။ COVID-19 ကြောင့် သေဆုံးသူဦးရေဟာလည်း တစ်ကမ္ဘာလုံးမှာ ၄၃၉,၀၀၀ ကျော်ရှိလာခဲ့ပြီး ပြန်လည်သက်သာသူ ၄.၂ သန်းကျော်ရှိခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၅ လခွဲအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၈ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၁ သန်းကျော်နဲ့ သေဆုံးသူ ၁၁၈,၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။


(Image: Johns Hopkins COVID-19 Dashboard screengrab)

လတ်တလော သီတင်းများအတွင်း ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေခဲ့ပါတယ်။ အမေရိကန်ပြီးလျှင် ဘရာဇီးမှာ ကူးစက်ခံရသူ ၈၈၈,၂၇၁ ဦး၊ ရုရှားမှာ ၅၃၆,၂၇၁ ဦးနဲ့ အိန္ဒိယမှာ ၃၃၂,၄၂၄ ဦး တွေ့ရှိထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၁ သိန်းနဲ့အထက် တွေ့ရှိထားရတဲ့ နိုင်ငံ ၁၇ ခုအထိ ရှိလာပါတယ်။

ထိုအတောအတွင်း COVID-19 စတင်တွေ့ရှိရာ တရုတ်နိုင်ငံရဲ့ ဘေဂျင်းမြို့တော်မှာ ရက် ၅၀ ကျော်အတွင်း ကူးစက်မှုအသစ်များ တစ်ကျော့ပြန် တွေ့လာရတာကြောင့် နယ်မြေတစ်ခုကို စစ်ပွဲကာလ စီမံဆောင်ရွက်ချက်များဖြင့် ထိန်းချုပ်ကာကွယ်ရေး လုပ်ဆောင်နေကြောင်း သိရပါတယ်။ ယနေ့အထိ စာရင်းတွေအရ ဘေဂျင်းမြို့မှာ COVID-19 အတည်ပြုလူနာသစ် ၁၀၆ ဦး တွေ့ရှိထားပါတယ်။

(Image: MoHS COVID-19 Dashboard screengrab)

အစောပိုင်းက COVID-19 ကူးစက်မှု ဗဟိုချက်နေရာဖြစ်ခဲ့တဲ့ ဥရောပမှာတော့ နိုင်ငံတွေက lockdown ပိတ်ပင်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးနေပြီ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း ကူးစက်မှုနှုန်း လျော့ကျလာမှုကြောင့် ပိတ်ပင်ကန့်သတ်ချက်တွေကို အဆင့်လိုက် ဖြေလျှော့မှုတွေ လုပ်ဆောင်နေကြပါတယ်။ မြန်မာနဲ့အိမ်နီးချင်း တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာတော့ COVID-19 ကူးစက်မှုတွေ မြင့်တက်နေပြီး အခြေအနေဆိုးနေပါတယ်။ 

မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန် ၁၆ ရက်၊ မနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၂၆၂ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၁၇၅ ဦး ပြန်လည်သက်သာခဲ့ကြောင်းနဲ့ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ဓာတ်ခွဲစစ်ဆေးခဲ့သူ ၅၁,၄၅၁ ဦးနဲ့ စောင့်ကြည့်လူနာ ၅,၅၂၄ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က