WHO ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၃၀၇,၉၃၀ တိုးလာခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ထုတ်ပြန်‌မှုအရ ကမ္ဘာတစ်ဝန်းမှာ တစ်ရက်အတွင်း COVID-19 ကူးစက်မှုအသစ်များ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

WHO က စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၃၀၇,၉၃၀ တိုးလာခဲ့ပြီး အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။ ကူးစက်ခံရသူ အများဆုံး တိုးလာတဲ့နိုင်ငံတွေမှာ အိန္ဒိယ၊ အမေရိကန်နဲ့ ဘရာဇီးတို့ဖြစ်ကြောင်း WHO ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။



စက်တင်ဘာ ၁၃ ရက်နေ့ ထုတ်ပြန်မှုအရ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ၅,၅၃၇ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၉၁၇,၄၁၇ ဦး ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယမှာ ကူးစက်မှုအသစ် ၉၄,၃၇၂ ဦး၊ အမေရိကန်မှာ ၄၅,၅၂၃ ဦးနဲ့ ဘရာဇီးမှာ ၄၃,၇၁၈ ဦး အသီးသီး တိုးလာခဲ့ကြောင်း WHO က ပြောပါတယ်။ ထိုသုံးနိုင်ငံအနက် အမေရိကန်က ကမ္ဘာတစ်ဝန်း ကူးစက်မှုအများဆုံးဖြစ်ပြီး စုစုပေါင်း ကူးစက်ခံရသူ ၆.၇ သန်းကျော် တွေ့ရှိထားပါတယ်။

(Photo: Reuters)

အိန္ဒိယက ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄.၈၅ သန်း၊ ဘရာဇီးက ကူးစက်မှု တတိယအများဆုံးအဖြစ် စုစုပေါင်း ကူးစက်ခံရသူ ၄.၃ သန်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ WHO ကိန်းဂဏန်းတွေအရ ၂၄ နာရီအတွင်း အမေရိကန်နဲ့ အိန္ဒိယမှာ သေဆုံးသူ ၁,၀၀၀ အထက် တိုးလာခဲ့ပြီး ဘရာဇီးမှာတော့ ၈၇၄ ဦး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

ယခင်က WHO ထုတ်ပြန်မှုအရ တစ်ကမ္ဘာလုံးမှာ နေ့အလိုက် ကူးစက်မှုအသစ် အများဆုံးတိုးလာမှုကို စက်တင်ဘာ ၆ ရက်နေ့မှာ တွေ့ရခဲ့ပြီး ကူးစက်ခံရသူ နောက်ထပ် ၃၀၆,၈၅၇ ဦး တိုးလာခဲ့တာ ဖြစ်ပါတယ်။ WHO စာရင်းတွေအရ တစ်ကမ္ဘာလုံးမှာ COVID-19 ကြောင့် တစ်ရက်အတွင်း သေဆုံးမှုအများဆုံးမှာ ဧပြီ ၁၇ ရက်နေ့မှာ သေဆုံးသူ ၁၂,၄၃၀ ဦး တိုးလာခဲ့ပြီး စံချိန်တင်ထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

လက်ရှိမှာ အိန္ဒိယက ကမ္ဘာတစ်ဝန်း နေ့အလိုက် ကူးစက်မှုအသစ် အများဆုံးတွေ့ရှိရတဲ့ နိုင်ငံဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တစ်ရက်အတွင်း ကူးစက်ခံရသူ ၉၇,၅၇၀ ဦး တိုးလာခဲ့ပြီး စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ COVID-19 ကူးစက်မှုတွေဟာ အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ မော်ရိုကို၊ စပိန်နဲ့ ယူကရိန်း အပါအဝင် နိုင်ငံ ၅၈ ခုမှာ မြင့်တက်နေဆဲဖြစ်ကြောင်း Reuters သတင်းဌာနရဲ့ လေ့လာဆန်းစစ်မှုက ဖော်ပြပါတယ်။

ထိုအတောအတွင်း အမေရိကန်မှာ ကူးစက်မှုအသစ်တွေ လျော့နည်းသွားနေပြီး ကူးစက်ဖြစ်ပွားမှု အထွတ်အထိပ်ရောက်ခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့မှာ ၇၇,၀၀၀ ကျော် တွေ့ရှိခဲ့မှုကနေ ယခုအခါ ၄၄ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်မှုတွေ လျော့ကျလာမယ့် အလားအလာတွေ့ရတယ်လို့ ဆိုပါတယ်။

(Image: MoHS webpage screengrab)

မြန်မာနိုင်ငံမှာတော့ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုတွေ မြင့်တက်လာခဲ့ပြီး အများစုဟာ ပြည်တွင်းကူးစက်မှုများ ဖြစ်နေပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာ ၁၄ ရက်) မနက် ၈ နာရီအချိန် ထုတ်ပြန်မှုအရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၃,၀၁၅ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ၆၉၉ ဦး ပြန်လည်သက်သာခဲ့ကာ ၂၄ ဦး သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ယနေ့မနက်ပိုင်းအထိ လူဦးရေ ၁၉၁,၆၉၆ ဦးကို COVID-19 စစ်ဆေးခဲ့ပြီး စောင့်ကြည့်လူနာ ၉,၁၆၅ ဦးရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က