တရားဝင်မဟုတ်သေးတဲ့ ရလဒ်တွေအရ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုက အသာရနေပါတယ်။

တစ်ရက်တည်း မဲပေးကြရတဲ့ ရွေးကောက်ပွဲတွေအနက် ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ယနေ့ (ဧပြီ ၁၇ ရက်) ကျင်းပပြုလုပ်ခဲ့ပါတယ်။

(Photo: Straits Times)

အင်ဒိုနီးရှားရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုတို့က သမ္မတနေရာအတွက် ယှဉ်ပြိုင်ရွေးကောက်ခံကြပါတယ်။ နယ်မြေကျယ်ပြောတဲ့ ကျွန်းဆွယ်နိုင်ငံတစ်ဝှမ်း မဲပုံးတွေကို မြင်းများ၊ ဆင်များ၊ မော်တော်ဆိုင်ကယ်များ၊ စက်လှေများနဲ့ လေယာဉ်ပျံများဖြင့် စုဆောင်းသယ်ယူကြရတယ်လို့ ဆိုပါတယ်။



(မဲရုံဝန်ထမ်းအချို့ရဲ့ ဝတ်စားဆင်ယင်မှုကို တွေ့ရစဉ်) (Photo: Straits Times)

အင်ဒိုနီးရှားရွေးကောက်ပွဲ မဲပေးမှုအတွင်း မဲရုံဝန်ထမ်းတွေက ပျော်ရွှင်စရာအချို့လည်း ဖန်တီးခဲ့ကြပါတယ်။ ဂျကာတာမြို့ Lebak Bulus ရှိ မဲရုံတစ်ရုံမှာ မဲရုံဝန်ထမ်းအချို့က သရဲတစ္ဆေနဲ့ သွေးစုပ်ဖုတ်ကောင်ပုံစံ ဝတ်စားဆင်ယင်ထားကြတာကို တွေ့ခဲ့ကြရပါတယ်။

အင်ဒိုနီးရှားရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၉၃ သန်းနီးပါးရှိကြောင်းလည်း သိရပါတယ်။ မဲရုံတွေကို ယနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ပြီး မွန်းလွဲပိုင်းမှာ ပိတ်ခဲ့ပါတယ်။ သို့သော် နှောင့်နှေးမှုတွေနဲ့ မဲပေးသူ အလွန်များပြားတဲ့ မဲရုံတွေကိုတော့ အချိန်တိုးပြီး ဖွင့်လှစ်ပေးထားပါတယ်။

(သမ္မတဂျိုကိုဝီဒိုဒို မဲပေးနေစဉ်) (Photo: @JackBoardCNA/Twitter)

အင်ဒိုနီးရှားရွေးကောက်ပွဲဟာ မဲဆွယ်စည်းရုံးမှုကာလအတွင်း နိုင်ငံရေးပြိုင်ဘက်အချင်းချင်း သိက္ခာကျစေရန် ပုတ်ခတ်ပြောဆိုမှုနဲ့ အွန်လိုင်းသတင်းတုတွေလည်း ထွက်ပေါ်ခဲ့ပြီး မဲပေးမှုအတွက် ဆုံးဖြတ်ရခက်နေတဲ့ မဲဆန္ဒရှင်တွေကို လွှမ်းမိုးမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။

ရွေးကောက်ပွဲမှာ ဦးဆောင်နေတဲ့ အသက် ၅၇ နှစ်အရွယ် သမ္မတဂျိုကိုဝီဒိုဒိုက မဲဆွယ်စည်းရုံးစဉ်အတွင်း နိုင်ငံမှာ အလွန်လိုအပ်နေတဲ့ လမ်းများ၊ လေဆိပ်များနဲ့ အခြား အခြေခံအဆောက်အအုံများကို တည်ဆောက်သွားရန် ရည်မှန်းထားကြောင်း ပြောထားခဲ့ပါတယ်။ ညင်ညင်သာသာ ပြောဆိုတတ်ပြီး သဘောထားပျော့ပျောင်းသူအဖြစ် သိထားကြတဲ့ ဂျိုကိုဝီဒိုဒိုဟာ ၂၀၁၄ ခုနှစ်မှာ ရွေးကောက်ပွဲအနိုင်ရပြီး သမ္မတဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

(ရွေးကောက်ပွဲဝင် အင်ဒိုနီးရှား သမ္မတလောင်းနှစ်ဦး)

သမ္မတဂျိုကိုဝီဒိုဒို လက်ထက်မှာ ဘာသာရေးနဲ့ လိင်တူစုံမက်သူများ (LGBT) အသိုင်းအဝိုင်း အပါအဝင် အခြား လူနည်းစုတွေကို ခွဲခြားဆက်ဆံမှုတို့နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဂျုကိုဝီဒိုဒိုက ယနေ့ရွေးကောက်ပွဲရဲ့ ဂျကာတာမြို့လယ်ရှိ မဲရုံသို့ ဒေသစံတော်ချိန် မနက် ၁၁ နာရီဝန်းကျင်မှာ လာရောက်မဲပေးခဲ့ကြောင်း သိရပါတယ်။

သမ္မတဂျိုကိုဝီဒိုဒိုနဲ့ ပြိုင်ဘက်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် ပရာဘိုဝို ဆူဘီယန်တိုကိုတော့ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် သိမှတ်ထားကြပြီး ၎င်းက သဘောထားတင်းမာတဲ့ အစ္စလာမ်မစ်တွေကို အရေးယူကိုင်တွယ်ခဲ့သူဖြစ်ပြီး စစ်တပ်နဲ့ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်သုံးစွဲသွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။

(ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တို မဲပေးနေစဉ်) (Photo: @PichayadaCNA/Twitter)

၎င်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လေသံအတိုင်းလိုက်ကာ 'အင်ဒိုနီးရှား ပထမဦးစားပေး' မူဝါဒကို ကျင့်သုံးမယ်လို့ ကြွေးကြော်ခဲ့ပြီး ဒေါ်လာဘီလီယံနဲ့ချီတဲ့ တရုတ်ရင်းနှီမြှုပ်နှံမှုတွေကို ပြန်သုံးသပ်သွားမယ်လို့လည်း ပြောထားပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာ ဂျုကိုဝီဒိုဒိုကို ကျဉ်းမြောင်းတဲ့ မဲရလဒ်နဲ့ ရှုံးနိမ့်ခဲ့သူလည်း ဖြစ်ပါတယ်။

(မဲပုံးများ သယ်ဆောင်လာကြစဉ်) (Photo: AFP)

ယနေ့ ကျင်းပပြုလုပ်တဲ့ အင်ဒိုနီးရှားရွေးကောက်ပွဲမှာ သမ္မတရာထူးမှ လွှတ်တော်အမတ်အထိဖြစ်တဲ့ နေရာတွေအတွက် စံချိန်တင် ကိုယ်စားလှယ်လောင်း အရေအတွက် ၂၄၅,၀၀၀ က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ မဲပေးမှုအတွက် မဲရုံ ၈၀၀,၀၀၀ ခန့်ကို နိုင်ငံတစ်ဝှမ်း စီစဉ်ဖွင့်လှစ်ပေးထားကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်ကိုတော့ လာမယ့် မေလအထိ ထုတ်ပြန်နိုင်ဖွယ်မရှိသေးပါဘူး။ ယနေ့ မဲပေးမှုများအပြီး နာရီပိုင်းအတွင်း ထွက်ပေါ်လာခဲ့ပြီး တရားဝင်မဟုတ်သေးတဲ့ ရလဒ်တွေအရ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုက အသာရနေကြောင်း သိရပါတယ်။

Source: AFP/CNA/BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က