လက်ဆင့်ကမ်းလွှဲပြောင်းယူလိုက်တဲ့ တာဝန်တွေကို အပြီးအပြတ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ဘောရစ်ဂျွန်ဆင်က ဇူလိုင် ၂၄ ရက်မှာ ဝန်ကြီးချုပ်သစ် တရားဝင် ဖြစ်လာခဲ့ပြီလို့ သိရပါတယ်။ 

(ဘုရင်မကြီးကို တွေ့ဆုံဂါရဝပြုစဉ်) (Photo: PA)

နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဘောရစ်ဂျွန်ဆင်က ရာထူးမှနုတ်ထွက်သွားတဲ့ ထရီဆာမေရဲ့ နေရာကိုဆက်ခံပြီး ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ် ၂ (Queen Elizabeth II) လက်အောက်မှာ ၁၄ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး Brexit အကျပ်အတည်းတွေ ကြုံခဲ့ရပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွသွားတဲ့ ထရီဆာမေက ဒေါင်းနင်းလမ်းနေအိမ် အပြင်ဘက်မှာ နှုတ်ဆက်စကားပြောသွားခဲ့ပါတယ်။



ဝန်ကြီးချုပ်သစ်ဖြစ်လာသူ ဘောရစ်ဂျွန်ဆင်ကတော့ လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်မယ်လို့ အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်အိမ်တော်အပြင်ဘက်မှာ ကတိပြု ကြေညာသွားခဲ့ပါတယ်။ နိုင်ငံကို ပိုမိုကောင်းမွန်စေရန် ပြောင်းလဲလိုကြောင်းလည်း ဗြိတိန်ဝန်ကြီးချုပ်သစ်က ပြောခဲ့ပါတယ်။

(ဒေါင်းနင်းလမ်းနေအိမ် အပြင်ဘက်မှာ မိန့်ခွန်းပြောကြားစဉ်) (Photo: Reuters)

"တစ်ကယ်လို့ဆိုတာတွေ မရှိဘူး၊ ဒါပေမဲ့ဆိုတာတွေ မရှိဘူး၊ လက်ဆင့်ကမ်းလွှဲပြောင်းယူလိုက်တဲ့ တာဝန်တွေကို ကျွန်တော် အပြီးအပြတ် ဆောင်ရွက်သွားမှာပါ။ မလုပ်ဆောင်နိုင်ဘူးလို့ ပြောခဲ့ကြတဲ့ သံသယရှိနေသူတွေ၊ ပျက်ကိန်းကြုံမယ် ဟောကိန်းထုတ်သူတွေ၊ အဆိုးမြင်သူတွေ မှားယွင်းခဲ့ကြပါတယ်၊ ဗြိတိန်က ဥရောပသမဂ္ဂကနေ အောက်တိုဘာ ၃၁ ရက်မှာ နုတ်ထွက်မှာပါ" လို့ ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

(ဘောရစ်ဂျွန်ဆင်ရဲ့ ယာဉ်တန်းကို တားဆီးဆန္ဒပြစဉ်) (Photo: PA)

ဘောရစ်ဂျွန်ဆင်က ဒေါင်းနင်းလမ်းကို မလာရောက်မီ ဘုရင်မကြီး အဲလိဇဘက်သ်ကို ဘက်ကင်ဟမ်နန်းတော်မှာ မိနစ် ၃၀ ကျော်ကြာ တွေ့ဆုံဂါရဝပြုခဲ့ကြောင်း သိရပါတယ်။ နန်းတော်သို့ သွားရောက်နေတဲ့ ဘောရစ်ဂျွန်ဆင်ရဲ့ ယာဉ်တန်းကို Greenpeaec အဖွဲ့မှ ဆန္ဒပြသူတွေက လက်တွဲတားဆီးပြီး ရာသီဥတုပြောင်းလဲမှု အရေးပေါ်ကိုင်တွယ်ဆောင်ရွက်ရန် ဆန္ဒပြခဲ့ကြပါတယ်။

ဘောရစ်ဂျွန်ဆင် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် ဗြိတိန်အစိုးရအဖွဲ့မှ အရေးအပါဆုံး ဝန်ကြီးတွေဖြစ်ကြတဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရီမီဟန့်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီး ဖိလစ်ဟမ်မွန်ကတော့ ရာထူးမှနုတ်ထွက်သွားကြောင်းလည်း သိရပါတယ်။

(ဒေါင်းနင်းလမ်းနေအိမ်ကို ရောက်ရှိလာသည့် ဗြိတိန်ဝန်ကြီးချုပ်သစ်) (Photo: Andrew Parsons/i-Images)

ဗြိတိန်မှာ ဘောရစ်ဂျွန်ဆင် ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပြီးနောက် နာရီအနည်းငယ်ကြာပြီးနောက် အစိုးရဖွဲ့ဝင် ဝန်ကြီးထက်ဝက်ကျော် ရာထူးမှထုတ်ပယ်ခံရ သို့မဟုတ် နုတ်ထွက်ခဲ့တယ်လို့ BBC သတင်းက ပြောပါတယ်။ Daily Mail သတင်းရဲ့ အဆိုအရ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၀ ဦးကို ရာထူးမှထုတ်ပယ်ခဲ့ပြီး ၄ ဦးက နုတ်ထွက်သွားခဲ့ကြောင်းနဲ့ ၂ ဦးဟာ အငြိမ်းစားယူခဲ့ကြောင်း သိရပါတယ်။

ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင် ဦးဆောင်မယ့် ဗြိတိန်အစိုးရအဖွဲ့သစ်မှာ ပထမဆုံး ဝန်ကြီးအသစ်ခန့်အပ်မှုအဖြစ် ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ် ဆာဂျစ်ဂျာဗစ် (Sajid Javid) ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။

(ဆာဂျစ်ဂျာဗစ်၊ ပရီတီပတ်တဲလ်နှင့် ဒိုမီနစ်ရက်ဘ်) (Photo: Reuters)

ထို့နောက် ကွန်ဆာဗေးတစ်ပါတီမှ အမျိုးသမီးလွှတ်တော်အမတ် ပရီတီပတ်တဲလ် (Priti Patel) ကို ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ကွန်ဆာဗေးတစ်ပါတီမှ ဒိုမီနစ်ရက်ဘ် (Dominic Raab) ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း အသီးသီး ခန့်အပ်လိုက်ပါတယ်။ ဗြိတန်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအမည်စာရင်းကိုတော့ မကြာမီ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

အသက် ၅၅ နှစ်အရွယ် ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ဟာ ၂၀၀၁ မှ ၂၀၀၈ ခုနှစ်အထိ ဗြိတိန်လွှတ်တော် Henley မဲဆန္ဒနယ်ရဲ့ လွှတ်တော်အမတ်ဖြစ်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၅ ခုနှစ်မှစပြီး ဗြိတိန်အောက်လွှတ်တော်မှာ Uxbridge and South Ruislip မဲဆန္ဒနယ် လွှတ်တော်အမတ် ဖြစ်လာခဲ့ပြီး ၂၀၀၈ မှ ၂၀၁၆ ခုနှစ်အထိ လန်ဒန်မြို့တော်ဝန်အဖြစ်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

(ဘောရစ်ဂျွန်ဆင်ရဲ့ လက်တွဲဖော်အမျိုးသမီး ကာရီဆိုင်မွန်စ်) (Photo: Getty Images)

ဘောရစ်ဂျွန်ဆင်ဟာ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၀-၂၁ ရက်မှာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးပါတယ်။ ထိုခရီးစဉ်ဟာ ငါးနှစ်အတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မှုလည်း ဖြစ်ခဲ့ပါတယ်။

အမေရိကန် နယူးယော့ခ်မြို့မှာ ချမ်းသာကြွယ်ဝတဲ့ ဗြိတိသျှမိဘတွေက မွေးဖွားခဲ့တဲ့ ဘောရစ်ဂျွန်ဆင်ဟာ အိမ်ထောင်နှစ်ဆက်ရှိခဲ့ပြီး သားသမီး ၅ ဦး သို့မဟုတ် ၆ ဦး ရှိတယ်လို့ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ရဲ့ ယခုလက်ရှိ လက်တွဲဖော်အမျိုးသမီးကတော့ အသက် ၃၁ နှစ်အရွယ် ကာရီဆိုင်မွန်စ် ဖြစ်ပါတယ်။ ဘောရစ်ဂျွန်ဆင်က ဒေါင်းနင်းလမ်းနေအိမ် အပြင်ဘက်မှာ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် မီဒီယာတွေကို တွေ့ဆုံမိန့်ခွန်းပြောကြားခဲ့စဉ်က ရုံးအဖွဲ့ဝန်ထမ်းတွေနဲ့အတူ ၎င်းရဲ့လက်တွဲဖော် ကာရီဆိုင်မွန်စ်လည်း အတူရှိနေခဲ့တာ တွေ့ရပါတယ်။


Share

Loading Next Article...
က္က