ပါကစ္စတန်က လေယာဉ်မှူးကို နှစ်နိုင်ငံနယ်စပ်မှာ အိန္ဒိယထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံက ဖမ်းဆီးထားခဲ့တဲ့ အိန္ဒိယတိုက်လေယာဉ်မှူးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အိန္ဒိယတိုက်လေယာဉ်မှူးဟာ ပါကစ္စတန်ထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေအတွင်း ၎င်းရဲ့တိုက်လေယာဉ် ပစ်ချခံရမှုကြောင့် ပျက်ကျခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရပါတယ်။

(Photo: Reuters)

မတ်လ ၁ ရက် ညပိုင်းက တိုက်လေယာဉ်မှူး Abhinandan Varthaman ကို နှစ်နိုင်ငံနယ်စပ် တရားဝင် ဖြတ်သန်းခွင့်ပြုတဲ့ နေရာမှာ ပါကစ္စတန်က အိန္ဒိယတာဝန်ရှိသူတွေထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ ပြန်လည်လွှဲပြောင်းမှု မတိုင်မီ မိနစ်ပိုင်းအလိုမှာ အိန္ဒိယလေယာဉ်မှူးက ပါကစ္စတန်စစ်တပ်ဟာ ၎င်းကို ကောင်းမွန်စွာ ပြုမူဆက်ဆံခဲ့ကြောင်းနဲ့ ပရော်ဖက်ရှင်နယ်ပီသကြောင်း ပြောကြားမှုကို ပါကစ္စတန် ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ခဲ့ပါတယ်။



တိုက်လေယာဉ်မှူး Abhinandan Varthaman က ၎င်းရဲ့လေယာဉ် မည်သို့ပစ်ချခံခဲ့ရပြီး သွေးဆူနေတဲ့ လူအုပ်စုထံမှ ပါကစ္စတန်စစ်တပ်က ကယ်တင်ခဲ့ပုံကိုလည်း ပြောခဲ့တယ်လို့ဆိုပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်းက အိန္ဒိယလေယာဉ်မှူးကို ပြန်လွှတ်ပေးမယ်လို့ ကြာသပတေးနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) မှာ ပြောခဲ့ပါတယ်။ ပါကစ္စတန်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ တိုက်လေယာဉ်မှူးကို သူရဲကောင်းတစ်ဦးအဖြစ် အိန္ဒိယမှာ ကြိုဆိုဂုဏ်ပြုနေကြပါတယ်။

(Photo: Reuters)

လေယာဉ်မှူး လွှတ်မြောက်လာမှုအတွက် အိန္ဒိယမြို့တော် ဒေလီမြို့မှာ မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ကြကြောင်းလည် သိရပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း တိုက်လေယာဉ်မှူးကို ချီးကျူးခဲ့ပြီး နိုင်ငံတော်က "စံပြုထိုက်တဲ့ မင်းရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ယူပါကြောင်း" ပြောခဲ့ပါတယ်။

တိုက်လေယာဉ်မှူး Abhinandan Varthaman ဟာ ယမန်နေ့ညပိုင်းမှာ ကျန်းမာရေးစစ်ဆေးမှုခံယူပြီးနောက် ဒေလီမြို့မှာ အိန္ဒိစစ်တပ်ထံ အစီရင်ခံမှု ပြုလုပ်ခဲ့ပါတယ်။ ၎င်းဟာ ယခု သီတင်းပတ်ကုန်မှာ မိသားစုနဲ့ ပြန်ဆုံတွေ့မယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: AP)

အိန္ဒိယနဲ့ပါကစ္စတန်တို့က မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ ကက်ရှ်မီးယားဒေသဟာ ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း အသီးသီး ပြောဆိုမှုတွေရှိပါတယ်။ သို့သော် အဆိုပါဒေသရဲ့ မတူညီတဲ့ နယ်မြေအစိတ်အပိုင်းတွေကို တစ်နိုင်ငံစီက ထိန်းချုပ်ထားပြီး အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနဲ့ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားအဖြစ် ရှိနေခဲ့ပါတယ်။

ဖဖေါ်ဝါရီ ၁၄ ရက်နေ့က အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေမှာ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး အိန္ဒိယစစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ စတင်မြင့်တက်ခဲ့ပါတယ်။ အဆိုပါ အသေခံ ကားဗုံးခွဲမှုကို လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်ပိုက်နက်အတွင်း ခြေကုပ်ရယူထားတဲ့ Jaish-e-Mohammad (JeM) စစ်သွေးကြွအုပ်စုက ပြောခဲပါတယ်။

(Photo: AFP)

ထို့နောက် အိန္ဒိယက နယ်စပ်ဖြတ်ကျော်ကာ ပါကစ္စတန်ပိုင်နက်အတွက် Balakot မြို့ငယ်တဝိုက်ရှိ JeM စစ်သွေးကြွစခန်းတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ JeM စခန်းကို နယ်စပ်ဖြတ်ကျော်ကာ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွအများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း အိန္ဒိယကပြောထားခဲ့ပြီး ပါကစ္စတန်ကတော့ ယခုတိုက်ခိုက်မှုဟာ အဆင်အခြင်မဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၂၇ ရက်မှာတော့ ပါကစ္စတန်က ၎င်းတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေ လေပိုင်အနက်အတွင်းမှာ အိန္ဒိယတိုက်လေယာဉ်နှစ်စီးကို ပစ်ချခဲ့ကြောင်းနဲ့ လေယာဉ်မှူးတစ်ဦး ဖမ်းဆီးထားကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

(Map: BBC)

အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ဖူးပြီး နှစ်ကြိမ်က ကက်ရှ်မီးယားအရေးနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၀၁ ခုနှစ် နှောင်းပိုင်းမှာလည်း နယူးဒေလီမြို့ရှိ အိန္ဒိယလွှတ်တော်ကို ပါကစ္စတန်မှာ ခြေကုပ်ရယူထားတဲ့ စစ်သွေးကြွတွေက တိုက်ခိုက်မှုဖြစ်ပွားခဲ့ကာ ၁၄ ဦး သေဆုံးခဲ့ပြီး နှစ်နိုင်ငံ စစ်ပွဲဖြစ်ပွားလုနီးပါး အခြေအနေသို့ ရောက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က