အေးခဲတဲ့ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး ဦးခေါင်းဒဏ်ရာနဲ့ ခြေထောက်ကျိုးဒဏ်ရာများရထားပါတယ်

ရုရှားနိုင်ငံ Magnitogorsk မြို့မှာ တနင်္လာနေ့ (ဒီဇင်ဘာ ၃၁ ရက်) က ပေါက်ကွဲမှုကြောင့် ပြိုကျသွားခဲ့တဲ့ လူနေတိုက်ခန်းတွဲ အဆောက်အအုံ အပျက်အစီးများထဲမှ အသက် ၁၁ လသားအရွယ် ကလေးငယ်တစ်ဦးကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ Ivan Fokine အမည်ရှိ ယောက်ျားလေးကို တိုက်ခန်းပြိုကျပြီးနောက် ၃၅ နာရီအကြာမှာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: AFP)

ကလေးငယ်ဟာ အေးခဲတဲ့ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး ဦးခေါင်းဒဏ်ရာနဲ့ ခြေထောက်ကျိုးဒဏ်ရာများရထားပြီး ဆေးကုသရန်အတွက် မော်စကိုမြို့ကို ပို့ဆောင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောပါတယ်။ ၎င်းဟာ သတိရှိနေပေမဲ့ ရရှိထားတဲ့ ဒဏ်ရာတွေမှာ အလွန်ပြင်းထန်စွာရထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး တိုက်ခန်းတွဲပြိုကျမှုဖြစ်ခဲ့တဲ့ Magnitogorsk မြို့ဟာ ရုရှားမြို့တော့် မော်စကိုမြို့အရှေ့ဘက် ၁,၀၅၃ မိုင်အကွာမှာ တည်ရှိကြောင်းနဲ့ နေ့အပူချိန်ဟာ အနုတ် ၁၇ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းပြီး အလွန်အမင်း အေးခဲနေကြောင်း သိရပါတယ်။



(Photo: AFP/Getty Images)

ရုရှား အရေးပေါ်ဝန်ကြီးဌာနရဲ့ ပြောကြားမှုအရ ကလေးငယ်ရဲ့မိခင်ဖြစ်သူလည်း ယခုမတော်တဆမှုအတွင်း အသက်ရှင်ခဲ့ပြီး သူမရဲ့သားကို ဆေးရုံမှာလာရောက်ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေက ကလေးငိုသံကြားခဲ့ရပြီးနောက် ၁၁ လသားလေးကို အဆောက်အအုံ အပျက်အစီးတွေကြားကနေ ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

လက်ရှိအချိန် တိုက်ခန်းတွဲ အဆောက်အအုံ အပျက်အစီးများထဲမှ အလောင်း ၉ လောင်းကို တွေ့ရှိခဲ့ရပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၃၁ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီဝန်းကျင်က အဆိုပါ အဆောက်အအုံမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ဂက်စ်ယိုစိမ့်ရာမှုကြောင့် ဖြစ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောထားပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် လူ ၃၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လူနေတိုက်ခန်းတွဲ အဆောက်အအုံဟာ တစ်စိတ်စတ်ပိုင်း ပြိုကျထားပြီး ကျန်ရှိတဲ့ အစိတ်အပိုင်းတွေပါ ထပ်မံ ပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ရပ်ဆိုင်းထားကြောင်း အာဏာပိုင်တွေက အစောပိုင်းမှာ ပြောခဲ့ပါတယ်။

(Photo: RIA Novosti)

"ဒီအခြေအနေတွေမှာ ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်ဖို့ မဖြစ်နိုင်ပါဘူး" လို့ အရေးပေါ်ဝန်ကြီးဌာန ဝန်ကြီး Yevgeny Zinichev ကဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် ပြိုကျခဲ့တဲ့ အဆောက်အအုံဟာ ဆိုဗီယက်ခေတ်က ဆောက်လုပ်ထားခဲ့တဲ့ အထပ် ၁၀ ထပ်ပါ လူနေတိုက်ခန်းတွဲ ဖြစ်ပါတယ်။ အဆိုပါ လူနေတိုက်ခန်းတွဲ အဆောက်အအုံမှာ လူဦးရေ ၁၂၀ နေထိုင်လျက်ရှိပြီး ပေါက်ကွဲမှုကြောင့် တိုက်ခန်း ၄၈ ခန်း ပြိုကျသွားခဲ့တယ်လို့ သိရပါတယ်။

ယနေ့ (ဇန်နဝါရီ ၂ ရက်) ထပ်မံသိရတဲ့ သတင်းတွေအရ လူနေတိုက်ခန်းတွဲ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ၁၈ ဦးအထိ မြင့်တက်လာကြောင်း အတည်ပြုထားတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က