စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေနဲ့ အစည်းအဝေးပြုလုပ်စဉ် မှာကြားခဲ့ပါတယ်

တရုတ်နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ပွဲအတွက် အသင့်ဖြစ်နေစေရန် သမ္မတရှီကျင်းပင်က ပြောကြားလိုက်တယ်လို့ သိရပါတယ်။ တရုတ်လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ အရေးပေါ်အခြေအနေမှာ စွမ်းရည်ပြည့်ဝနေရမှာဖြစ်ပြီး တိုက်ပွဲအတွက် ၎င်းတို့ လုပ်ဆောင်နိုင်သမျှအားလုံးကို ကြိုတင်ပြင်ဆင်ရန် ဇန်နဝါရီ ၄ ရက်နေ့က စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေနဲ့ အစည်းအဝေးပြုလုပ်စဉ် ရှီကျင်းပင်က မှာကြားခဲ့ပါတယ်။

(တရုတ်သမ္မတရှီကျင်းပင်နှင့် စစ်ဘက်ခေါင်းဆောင်များ) (Photo: Reuters)

တောင်တရုတ်ပင်လယ်ပြင်အတွင်း နယ်မြေအငြင်းပွားမှု၊ ကုန်သွယ်ရေးကဏ္ဍမှ ထိုင်ဝမ်အရေးအထိ အပါအဝင် ကိစ္စရပ်တွေမှာ အမေရိကန်နဲ့ တင်းမာမှုမြင့်တက်နေစဉ်အတွင်း တရုတ်အစိုးရက ၎င်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အသင့်အနေအထားဖြင့် စွမ်းရည်ပြည့်ဝနေစေလိုတာလည်း ဖြစ်ပါတယ်။



အစိုးရသတင်းဌာန ဆင်ဟွာမှာ ဖော်ပြမှုအရ သမ္မတရှီကျင်းပင်က စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေနဲ့ အစည်းအဝေးအတွင်း တရုတ်နိုင်ငံအနေနဲ့ အန္တရာယ်နဲ့စိန်ခေါ်မှုတွေ မြင့်တက်လာမှုကို ရင်ဆိုင်ခဲ့ရကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ နိုင်ငံလုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တွေကို လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

(တရုတ်လက်နက်ကိုင်တပ်ဖွဲ့များ) (Photo: AP)

သမ္မတရှီကျင်းပင်ဟာ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူဖြစ်ပါတယ်။ ၎င်းက တရုတ်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ခေတ်သစ်အတွက် မဟာဗျူဟာများ ချမှတ်ရမှာဖြစ်ပြီး စစ်ပွဲပြင်ဆင်မှုနဲ့ စစ်ပွဲဆင်နွှဲရန်အတွက် တာဝန်များယူရမှာဖြစ်တယ်လို့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

"ကမ္ဘာကြီးက ရာစုနှစ်တစ်ခုအတွင်း ဘယ်တုန်းကမှ မမြင်ခဲ့ရတဲ့ အဓိက အပြောင်းအလဲတွေကို ရင်ဆိုင်နေရတယ်၊ တရုတ်က ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် အခွင့်အရေးရဲ့ အရေးပါတဲ့ အချိန်ကာလတစ်ခုမှာရှိနေဆဲဖြစ်တယ်" လို့လည်း သမ္မတရှီကျင်းပင် သုံးသပ်ခဲ့ပါတယ်။

(ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်) (Photo: Reuters)

လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရေးပေါ် အခြေအနေတွေကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ၎င်းတို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးတွေကို အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်းနဲ့ တိုက်ပွဲဝင်တပ်ဖွဲ့ ပုံစံသစ်တွေကို ပျိုးထောင်ရန်လိုအပ်ကြောင်း တရုတ်သမ္မတရှီကျင်းပင်က စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။

ရှီကျင်းပင်က ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးနဲ့ ထိုင်ဝမ်ရဲ့လွတ်လပ်ရေးကိစ္စမှာ တရုတ်အနေနဲ့ စစ်အင်အားအသုံးပြုခွင့်ကို အရန်အစီအစဉ်အဖြစ် ထားရှိဆဲဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂ ရက်) မှာ မှတ်ချက်ပြုခဲ့ပါသေးတယ်။ ထိုသို့ မှတ်ချက်ပြုခဲ့ပြီးနောက် ရှီကျင်းပင်က တရုတ်လက်နက်ကိုင်တပ်ဖွဲ့တွေကို မှာကြားမှုတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Sky News)

ဒ့ါအပြင် ထိုင်ဝမ်ရဲ့လုံခြုံရေးကို အာမခံချက်ပေးထားတဲ့ Asia Reassurance Initiative Act ကို ဥပဒေအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုးခဲ့ပြီး ရက်ပိုင်းအကြာမှာ တရုတ်သမ္မတရှီကျင်းပင်က စစ်တပ်ကို တိုက်ပွဲအတွက် အသင့်ရှိနေစေရန် အပါအဝင် မှာကြားချက်တွေ ပြောခဲ့တာဖြစ်ကြာင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

ထိုအတောအတွင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က တရုတ်အစိုးရဲ့ တစ်နိုင်ငံ စနစ်နှစ်မျိုး မူဝါဒကို လက်ခံမှာမဟုတ်ကြောင်း ယနေ့ (ဇန်ဝါရီ ၅ ရက်) မှာ တုံ့ပြန်ပြောကြားထားပြီး တရုတ်ထံမှ ခြိမ်းခြောက်မှုများကိုရင်ဆိုင်ရန်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီကို ကာကွယ်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက အားပေးကူညီကြရန် တိုက်တွန်းထားကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က