တူရကီ မြေပြင်တပ်ဖွဲ့တွေကလည်း နယ်စပ်တစ်လျှောက် အလုံးအရင်းဖြင့် နေရာယူထားပါတယ်။
Ko John

တူရကီနိုင်ငံက ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းနယ်မြေများရှိ ကာဒစ်စစ်သွေးကြွ တိုက်ခိုက်ရေးသမားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု စတင်လိုက်ကြောင်း သမ္မတအာဒိုဂန်က အောက်တိုဘာ ၉ ရက်မှာ ကြေညာလိုက်ပါတယ်။

(တူရကီသမ္မတ အာဒိုဂန်) (Photo: AP)

Operation Peace Spring လို့ အမည်ပေးထားတဲ့ ယခု စစ်ဆင်ရေးဟာ ကာဒစ်စစ်သွေးကြွတွေ ကင်းစင်ရှင်းလင်းတဲ့ လုံခြုံရေးဇုန်တစ်ခု အကောင်အထည်ဖော်ရန် ဖြစ်တယ်လို့လည်း တူရကီသမ္မတက ဆိုပါတယ်။ တူရကီက ကာဒစ်တို့ကို အကြမ်းဖက်သမားများအဖြစ် အလေးထားစောင့်ကြည့်နေခဲ့ပါတယ်။ တူရကီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားငါးဦး သေဆုံပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ကာဒစ်အုပ်စု ဦးဆောင်တဲ့ Syrian Democratic Forces (SDF) က ပြောပါတယ်။

အဆိုပါ မဟာမိတ်တပ်ဖွဲ့က တူရကီတပ်ဖွဲ့များ နယ်စပ်ဖြတ်ကျော်လာမှုကို ခုခံသွားမယ်လို့ ကြုံးဝါးထားပါတယ်။ တူရကီ မြေပြင်တပ်ဖွဲ့တွေက နယ်စပ်တစ်လျှောက် အလုံးအရင်းဖြင့် ရောက်ရှိနေရာယူထားကြပြီး တင့်ကားအမြောက်များဖြင့် ပစ်ခတ်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။ လေ‌ကြောင်းတိုက်ခိုက်မှု စတင်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ တူရကီ မြေပြင်တပ်ဖွဲ့တွေက နယ်စပ်ဖြတ်ကျော်ကာ ဆီးရီးယားနိုက်ငံအတွင်း ဝက်ရောက်တိုက်ခိုက်ကြပါတယ်။

(Photo: Anadolu Agency via Getty Images)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆီးရီးယားမြောက်ပိုင်းမှ အမေရိကန်တပ်ဖွဲ့တွေကို အငြင်းပွားဖွယ် ရုပ်သိမ်းသွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တူရကီနိုင်ငံ ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ထရန့်က တူရကီသမ္မတ အာဒိုဂန်နဲ့ ဖုန်းဆက်သွယ်ပြောကြားပြီးနောက် ဆီးရီးယားမြောက်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ရာ အမေရိကန်ပြည်တွင်းနဲ့ ပြည်ပမှာပါ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဆီးရီးယားမြောက်ပိုင်းမှာ ခြေကုပ်ယူထားတဲ့ ကာဒစ်အုပ်စုတွေက အိုင်အက်စ်အကြမ်းဖက်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှာ အမေရိကန်ရဲ့ အဓိကကျတဲ့ မဟာမိတ်အဖြစ် ပါဝင်ခဲ့ကြပါတယ်။

(Photo: Anadolu Agency via Getty Images)

ကာဒစ်တို့က ထောင်နဲ့ချီတဲ့ အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေနဲ့ ဆွေမျိုးတွေကို ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ အကျဉ်းထောင်များ၊ ထိန်းသိမ်းရေးစခန်းများမှာ ထိန်းသိမ်းထားပြီး ဆက်လက် ထိန်းသိမ်းသွားရန် အစီအစဉ်ရှိ မရှိ အတိအကျ မသိရသေးပါဘူး။

ထိုအခြေအနေမှာ ကာဒစ်အုပ်စု ခြေကုပ်ယူထားတဲ့ ဆီးရီးယားမြောက်ပိုင်းကနေ အမေရိကန်တပ်ဖွဲ့များ ပြန်ရုပ်သိမ်းလိုက်ရာ တူရကီက နယ်စပ်လုံခြုံရေးအတွက် စိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။ "ဒီတိုက်ခိုက်မှုက ကျွန်တော်တို့ရဲ့ တောင်ပိုင်းနယ်စပ်တစ်လျှောက် အကြမ်းဖက်တွေ ဖြတ်သန်းသွားလာတဲ့ လမ်းကြောင်းဖြစ်လာမှာကို ကာကွယ်တားဆီးတာ ဖြစ်ပါတယ်" လို့ တူရကီသမ္မတ အာဒိုဂန်က Twitter မှာ ပြောထားပါတယ်။

(Photo: Reuters)

ကာဒစ်တို့က ဆီးရီးယားဒုက္ခသည် နှစ်သန်းကိုလည်း လက်ခံသွားရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။ တူရကီရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ Ras al-Ain နဲ့ Tal Abyad မြို့ငယ်များမှ အရပ်သားများ ထွက်ခွာသွားခဲ့ကြပြီလို့ ဆိုပါတယ်။ ဆီးရီးယားမှာ အိုင်အက်စ်တို့ကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ SDF မဟာမိတ်တပ်ဖွဲ့ကို ကာဒစ်စစ်သွေးကြွတွေက ဦးဆောင်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့တွေက ကူညီပေးခဲ့တာဖြစ်ပါတယ်။

တူရကီက ဆီးရီးယားပိုင်နက်အတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အခြေအနေကို ဆွေးနွေးရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်ရန် ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

(Photo: Anadolu Agency via Getty Images)

ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker က တူရကီကို စစ်ဆင်းရေးရပ်ဆိုင်းရန် တိုက်တွန်းခဲ့ပါတယ်။ NATO အုပ်စု အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg ကတော့ တူရကီမှာ သဘာဝကျတဲ့ လုံခြုံရေးစိုးရိမ်မှုတွေရှိကြောင်း သို့သော် တူရကီအနေနဲ့ အကန့်အသတ်ဖြင့်သာ လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဆီးရီးယားမှာ အိုင်အက်စ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ SDF မဟာမိတ်တပ်ဖွဲ့က အိုင်အက်စ်အဖွဲ့ဝင်အဖြစ် သံသယရှိသူ ၁၂,၀၀၀ ကျော်ကို အကျဉ်းထောင် ခုနစ်ခုမှာ ထိန်းသိမ်းထားပြီး ၎င်းတို့အနက် အနည်းဆုံး ၄,၀၀၀ ဟာ နိုင်ငံခြားသားများ ဖြစ်ကြတယ်လို့ဆိုပါတယ်။ အိုင်အက်စ်အဖွဲ့ဝင်တွေကို ထိန်းသိမ်းထားတဲ့ နေရာများအား အတိအကျ ထုတ်ဖော်ပြောခြင်းမရှိပေမဲ့ အချို့ဟာ တူရကီနိုင်ငံ နယ်စပ်အနီးမှာဖြစ်တယ်လို့ သိရပါတယ်။

Source: BBC, AFP, Time, Reuters


က္က