ငလျင်လှုပ်မှုကို ဆီးရီးယား၊ လက်ဘနွန်နဲ့ အီရန်တို့မှာလည်း ခံစားသိရှိခဲ့ရပါတယ်။

တူရကီနိုင်ငံ အရှေ့ပိုင်းမှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) ညပိုင်းက လှုပ်ခတ်ခဲ့ရာ လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး ငလျင်ဗဟိုချက်အနီး မြို့များရှိ အဆောက်အအုံများ ပြိုကျခဲ့ပါတယ်။

(Photo: Demiroren News Agency (DHA)/AFP)

တူရကီမှာ ငလျင်လှုပ်မှုကို အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ဆီးရီးယား၊ လက်ဘနွန်နဲ့ အီရန်တို့မှာလည်း ခံစားသိရှိခဲ့ရပါတယ်။ ယမန်နေ့ ဒေသစံတော်ချိန် ည ၁၀ နာရီ ၅၅ မိနစ်ခန့်က အန်ကာရာမြို့တော် အရှေ့ဘက် မိုင် ၃၄၂ မိုင်ခန့်အကွာ Elazig ပြည်နယ်မှာ ရစ်ချ်တာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်းငလျင်ဟာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။



တူရကီ သဘာဝဘေးအန္တရာယ်နဲ့ အရေးပေါ်စီမံခန့်ခွဲမှုဌာနက ထုတ်ပြန်မှုအရ အင်အားပြင်းငလျင်လှုပ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင် အကြိမ် ၂၀၀ လှုပ်ခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် Elazig ပြည်နယ်နဲ့ အိမ်နီးချင်း Malatya ပြည်နယ်တွေမှာ လူသေဆုံးမှုတွေဖြစ်ခဲ့ကြောင်း တူရကီကျန်းမာရေးဝန်ကြီး Fahrettin Koca က ပြောပါတယ်။

(Photo: Demiroren News Agency (DHA)/AFP)

ပြည်ထဲရေးဝန်ကြီး Suleyman Soylu ရဲ့ ပြောကြားမှုအရ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းဝွေက ငလျင်ကြောင့် ပြိုကျခဲ့တဲ့ အဆောက်အအုံ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ လူ ၃၀ ကို ရှာဖွေနေခဲ့ကြောင်း သိရပါတယ်။ ယမန်နေ့ ငလျင်လှုပ်ခတ်မှုအတွင်း လူ ၁,၄၀၀ ကျော်လည်း ဒဏ်ရာရခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

နောက်ဆက်တွဲ ငလျင်အန္တရာယ်ကြောင့် အစောပိုင်း ငလျင်လှုပ်မှုအတွင်း အပျက်အစီးဖြစ်ပေါ်နေတဲ့ အဆောက်အအုံများသို့ ပြန်မလာကြသေးရန် တူရကီ သဘာဝဘေးအန္တရာယ်နဲ့ အရေးပေါ်စီမံခန့်ခွဲမှုဌာနက ဒေသခံတွေကို သတိပေးထားပါတယ်။ ငလျင်လှုပ်ခဲ့တဲ့ ဒေသမှာ ညလုံးပေါက် အပူချိန်ဟာ သုညဒီဂရီဆဲလ်စီးယပ်အောက်အထိ ကျဆင်းနေခဲ့ပြီး မွေ့ရာများ၊ စောင်များနဲ့ ယာယီတဲများ ပို့ဆောင်ထားကြောင်းလည်း အဆိုပါဌာနက ပြောပါတယ်။

(Photo: Anadolu Angency via Getty Images)

တူရကီသမိုင်းတစ်လျှောက် အင်အားပြင်းထန်တဲ့ ငလျင်ကြီးများလှုပ်ခဲ့ဖူးပြီး အဆိုးရွားဆုံးအဖြစ် ၁၉၉၉ ခုနှစ် ဩဂုတ်လအတွင်း အစ္စတန်ဘူလ်မြို့ အရှေ့တောင်ဘက် ၅၆ မိုင်အကွာရှိ Izmit မြို့မှာ ရစ်ချ်တာစကေး ၇.၆ အဆင့်ရှိ ငလျင်လှုပ်မှုဖြစ်ခဲ့ပါတယ်။ ထိုငလျင်ကြီးကြောင့် လူ ၁၇,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူဦးရေ ၅၀၀,၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၁ ခုနှစ်ကည်း တူရကီအရှေ့ပိုင်းရှိ Van မြို့နဲ့ Erics မြို့ငယ်တွေမှာ ငလျင်လှုပ်မှုကြောင့် လူ ၅၂၃ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က