ဝက်တွေကိုကျွေးတဲ့ စားကြွင်းစားကျန်တွေကဲ့သို့ ဖြစ်ကြောင်း မိဘတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံရှိ ဂုဏ်သတင်းကြီးတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်တစ်ကျောင်းရဲ့ စားသောက်ဆိုင် မီးဖိုချောင်မှာ သက်တမ်းလွန်ပြီး မှိုတက်ပုပ်သိုးနေတဲ့ အစားအစာများ တွေ့ရှိခဲ့ရပြီးနောက် ပြည်သူလူထုက အဆိုပါကျောင်းကို ဒေါသတကြီး ဝေဖန်ပြေဆိုနေကြပါတယ်။

(Photo: Weibo)

မှိုတက်နေတဲ့ ပေါင်မုန့်၊ ပုပ်နေတဲ့ အသားနဲ့ ပင်လယ်စာတွေကို ချန်ဒူးမြို့ (Chengdu) အမှတ် ၇ အထက်တန်းကျောင်းမှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အစားအစာတွေဟာ ပုပ်စော်နံနေပြီး ရွံစရာကောင်းကြောင်းနဲ့ ဝက်တွေကိုကျွေးတဲ့ စားကြွင်းစားကျန်တွေကဲ့သို့ ဖြစ်ကြောင်း မိဘတစ်ဦးက BBC သတင်းဌာနကို ပြောခဲ့ပါတယ်။



ယခု အခြေအနေကို တွေ့ရှိရတာကြောင့် ထိတ်လန့်တုန်လှုပ်ပြီး စက်ဆုပ်ရွံရှာကြောင်း အဆိုပါ မိဘက မကျေမနပ်ဖြင့် ဖွင့်ဟခဲ့ပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ကိုယ်ပိုင်အထက်တန်းကျောင်းက တောင်းပန်ခဲ့ကာ အလွန်ရှက်ရွံ့မိကြောင်း ပြောခဲ့ပါတယ်။ တရုတ်မှာ အစားအစာ ဘေးကင်းလုံခြုံမှု ပြဿနာတွေ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးပြီး အာဏာပိုင်တွေက ပြည်သူလူထုရဲ့ ဒေါသတကြီး တုံ့ပြန်မှုတွေကို မကြာခဏ ဖြေရှင်းခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: Weibo)

ယခု ကိုယ်ပိုင်အထက်တန်းကျောင်းမှ အစာအစားကိစ္စကိုတော့ တနင်္လာနေ့ (မတ်လ ၁၁ ရက်) က ကျောင်းကိုလာရောက်ခဲ့တဲ့ မိဘအုပ်စုက စတင်သိရှိခဲ့တာလည်း ဖြစ်ပါတယ်။ ထိုနေ့ ကျောင်းသားမိဘအုပ်စုတစ်ခုဟာ စီချွမ်ပြည်နယ်မြို့တော် ချန်ဒူးမြို့ရှိ ကိုယ်ပိုင်အထက်ကျောင်းက ဖိတ်ကြားမှုအရ အဆိုပါကျောင်းမှာပြုလုပ်တဲ့ စုပေါင်းသစ်ပင်စိုက်ပျိုးမှု အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

မိဘတွေက ကျောင်းကိုရောက်ရှိခဲ့စဉ် မှိုတက်နေတဲ့ ပေါင်မုန့်တွေ၊ ပုပ်သိုးနေတဲ့ အသားနဲ့ ပင်လယ်စာတွေကို ကျောင်းစားသောက်ဆိုင်ရဲ့ မီးဖိုချောင်မှာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ မိဘတွေက စားသောက်ဆိုင်ရဲ့ မီးဖိုချောင်ကို မည်သည့်အတွက် ရောက်ရှိခဲ့ကြောင်းကိုတော့ အတိအကျ မသိရပါဘူး။

(Photo: Weibo)

သို့သော် မိဘတစ်ဦးရဲ့ အဆိုအရ အဆိုပါကျောင်းမှာ ယမန်နှစ် နိုဝင်ဘာလအတွင်း ကျောင်းသူကျောင်းသား ကလေးငယ်တွေ ဗိုက်အောင့်ဗိုက်နာဖြစ်မှု၊ ဝမ်းချုပ်မှုနဲ့ ဖျားနာမှုတွေ ဖြစ်ပွားခဲ့ဖူးတယ်လို့ သိရပါတယ်။

"ဒီ အစားအစာတွေကို ရေခဲသေတ္တာထဲမှာ နှစ်နဲ့ချီကြာအောင် သိမ်းထားခဲ့ပုံရတယ်၊ ဖုတ်ကောင်အသားလိုပဲ၊ ကျွန်တော် ဝက်သားကို အနံ့ရှူကြည့်တော့ ပုပ်စော်နံနေတယ်၊ ရွံစရာကြီးပါ" လို့ သားနဲ့သမီးကို အဆိုပါကျောင်းမှာထားတဲ့ ဖခင်တစ်ဦးက ပြောခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့ ပြောကြားမှုအရ အဆိုပါ အထက်တန်းကျောင်းရဲ့ ကုန်ကျစရိတ်ဟာ တစ်နှစ်လျှင် ယွမ်ငွေ ၃၉,၀၀၀ (မြန်မာကျပ်ငွေ ၈၇ သိန်းကျော်) ဖြစ်ပြီး အစိုးရကျောင်းထက် အဆ ၂၀ ပိုမိုကုန်ကျတယ်လို့လည်း သိရပါတယ်။

(Photo: Weibo)

"ကျွန်တော်တို့က အိမ်မှာဆိုရင် ကလေးတွေကို အစားအစာ အကျန်တွေကိုတောင် စားမခိုင်းဘူးဗျာ၊ ကျွန်တော် ပိုက်ဆံအများကြီး အကုန်အကျခံခဲ့ပြီး ကျွန်တော့်ကလေးတွေကတော့ အဲဒီမှာ ဝက်စာစားနေကြရတယ်" ဖခင်ဖြစ်သူက မကျေမနပ်ဖြင့် ပြောခဲ့ပါတယ်။

ဒါ့အပြင် "ကျွန်တော် ဒီအကြောင်း ကျွန်တော့် သားငယ်လေးကို မပြောရဲဘူး၊ သူက နောက်ဆို ကျောင်းစားသောက်ဆိုင် အစားအစာကို တစ်သက်လုံး မစားဘဲနေသွားမှာစိုးလို့လေ၊ ကျွန်တော့်သမီးကတော့ ဗိုက်အောင့်ဗိုက်နာဖြစ်တယ်လို့ ပြောဖူးတယ်၊ ကျွန်တော်လည်း သူ့ကို လေ့ကျင့်ခန်းလုပ်တာ များသွားလို့ဖြစ်မယ်လို့ ပြောခဲ့တယ်လေ၊ ဒီကိစ္စကြောင့် ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်" လို့လည်း အဆိုပါ ဖခင်ဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။

(Photo: Weibo)

ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အစားအစာတွေကို တွေ့ရှိခဲ့ရပြီးနောက် မိဘအုပ်စုက ဓာတ်ပုံရိုက်ယူကာ ဆိုရှယ်မီဒီယာမှာ တင်ခဲ့ကြရာ မကြာမီမှာပင် အခြား မိဘတွေကလည်း မြင်တွေ့သိရှိသွားခဲ့ကြပါတယ်။ ထိုသို့ သတင်းပျံ့နှံ့သွားပြီးနောက် အဆိုပါ အထက်ကျောင်းက စားသောက်ဆိုင်မီးဖိုချောင်ရှိ မှိုတက်ပုပ်သိုးနေတဲ့ အစားအစာတွေကို ကားနှစ်စီးနဲ့ ချက်ချင်း သယ်ထုတ်သွားခဲ့တယ်လို့လည်း သိရပါတယ်။

အစားအစာတွေ သယ်ထုတ်သွားတဲ့ ကားတစ်စီးကို ဒေါသတကြီးဖြင့် ကျောင်းမှာလာရောက်ဆန္ဒပြကြတဲ့ မိဘတွေက ဟန့်တားခဲ့ကြတယ်လို့ဆိုပါတယ်။ ယမန်နေ့ (မတ်လ ၁၃ ရက်) က ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေအရ ရာနဲ့ချီတဲ့ မိဘတွေက ကိုယ်ပိုင်အထက်တန်းကျောင်းဂိတ်ဝမှာ ဒေါသတကြီး ဆန္ဒပြနေခဲ့တာ တွေ့ရပါတယ်။

(Photo: Weibo)

ရဲတပ်ဖွဲ့က ဆန္ဒပြ မိဘအုပ်စုကို အင်အားသုံး ဟန့်တားခဲ့တယ်လို့ဆိုပါတယ်။ ဗီဒီယိုတစ်ခုမှာ ရဲတပ်ဖွဲ့ဝင်အချို့က အမျိုးသားတစ်ဦးကို မြေပြင်နဲ့ ကိုင်ဆောင့်နေခဲ့တာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အခြား ဗီဒီယိုမှာတော့ ဆန္ဒပြကြတဲ့ မိဘတွေဟာ ၎င်းတို့မျက်လုံးတွေကို လက်ဖြင့်အုပ်ထားပြီး နာကျင်နေပုံ မြင်ရပါတယ်။

ဒေသခံ သတင်းဌာနအချို့ရဲ့ အဆိုအရ ရဲတပ်ဖွဲ့က ဆန္ဒပြ မိဘတွေကို ငရုပ်ကောင်းရည်ဖြန်းပြီး ဖြိုခွင်းခဲ့တယ်လို့လည်း သိရပါတယ်။ နောက်ပိုင်းမှာတော့ ချန်ဒူးရဲတပ်ဖွဲ့က လူ ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းတို့ရဲ့ Weibo အကောင့်မှာ ပြောခဲ့ပါတယ်။ ဆန္ဒပြ မိဘတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ခဲ့ပြီး ရဲအရာရှိတွေကိုလည်း ဆဲဆိုခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဖမ်းဆီးခဲ့သူတွေကိုတော့ ထိုနေ့မှာပင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

(Photo: Weibo)

အစားအစာပြဿနာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အထက်တန်းကျောင်းက တောင်းပန်စာထုတ်ခဲ့ကာ စားသောက်ဆိုင်အတွက် အစားအစာတွေကို လက်ရှိ ပေးသွင်းနေသူထံမှ ဝယ်ယူနေမှုရပ်ဆိုင်းလိုက်မယ်လို့ ပြောခဲ့ပါတယ်။ ယခု အစားအစာပြဿနာ ပေါ်ပေါက်ခဲ့တဲ့ စာသင်ကျောင်းဟာ တရုတ်မှာ ဂုဏ်သတင်းအကြီးဆုံး ကျောင်းတစ်ကျောင်းဖြစ်ပြီး အထူးချွန်ဆုံး ကိုယ်ပိုင်အထက်တန်းကျောင်း ၁၀ ကျောင်းမှာလည်း ပါဝင်တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က