ပေါက်ကွဲမှုအရှိန်ကြောင့် အနီးအနားရှိ အဆောက်အအုံများ ပျက်စီးခဲ့ပါတယ်။
Ko John

တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် Weling မြို့ရှိ အဝေးပြေးလမ်းမတစ်ခုမှာ သဘာဝဓာတ်ငွေ့ရည် (liqueifed natual gas - LNG) တင်ဆောင်တဲ့ ကားတစ်စီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၂၀ နီးပါး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: CGTN)

သဘာဝဓာတ်ငွေ့ရည် တင်ဆောင်တဲ့ကားဟာ ဇွန် ၁၃ ရက် မွန်းလွဲပိုင်းက Shenyang-Haikou အဝေးပြေးလမ်းပေါ်မှာ မီးလောင်ပေါက်ကွဲခဲ့တာြဖစ်ပြီး ယနေ့ (ဇွန် ၁၄ ရက်) မနက်ပိုင်းအထိ စာရင်းတွေအရ လူ ၁၉ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၁၇၂ ဦးကို ဆေးရုံတင်ထားရကြောင်း CGTN သတင်းက ဖော်ပြပါတယ်။

ပေါက်ကွဲမှုအရှိန်ကြောင့် အနီးအနားရှိ အဆောက်အအုံများလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ပထမတစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပြီးနောက် အလုပ်ရုံတစ်ခုပေါ်ကို ဓာတ်ငွေ့ရည်တင်ကား လဲကျသွားခဲ့ချိန်မှာ နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန Xinhua က ပြောပါတယ်။

(Photo: CGTN)

ဓာတ်ငွေ့ရည်တင်ကား မီးလောင်ပေါက်ကွဲမှုကြောင့် အနီးအနားရှိ နေအိမ်များနဲ့ အလုပ်ရုံများ ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်အတွင်း ဒဏ်ရာရခဲ့သူတွေကို ဆေးရုံခြောက်ရုံသို့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာအနီး စားသောက်ဆိုင်တစ်ဆိုင်မှ အလုပ်သမားတစ်ဦးက Xinhua ကို ပြောကြားမှုအရ ပေါက်ကွဲမှုအရှိန်ကြောင့် သူမရဲ့နေအိမ်မှာ ပြတင်းပေါက်မှန်များ ကွဲထွက်ကုန်ကြောင်း၊ သို့သော် သူမရဲ့ မိခင်နဲ့မောင်ဖြစ်သူကတော့ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ သိရပါတယ်။

ထုတ်လုပ်မှုဆိုင်ရာ ဘေးကင်းလုံခြုံရေး တရုတ်အစိုးရကော်မရှင်က ယခုဖြစ်ရပ်ကို အပြည့်အစုံ စုံစမ်းစစ်ဆေးရန် ပြောဆိုထားပြီး စုံစမ်းစစ်ဆေးမှု အပြီးသတ်ရမယ့် အချိန်ကာလကိုတော့ မသတ်မှတ်ခဲ့ဘူးလို့ ဆိုပါတယ်။ ယာဥ်လမ်းကြောင်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့အနေနဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများ တင်ဆောင်မောင်းနှင်ကြတဲ့ ယာဥ်တွေကို ယာဥ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး အာရုံစိုက်ဆောင်ရွက်ရန် ကော်မရှင်က တိုက်တွန်းခဲ့ကြောင်းလည်း Xinhua သတင်းက ဖော်ပြပါတယ်။

.


ဆက်စပ်အကြောင်းအရာများ


Author


က္က