ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တာ သုံးလကျော်ကြာပြီ ဖြစ်ပါတယ်။
Ko John

ဟောင်ကောင်မှာ တရုတ်နိုင်ငံတည်ထောင်မှု နှစ် ၇၀ ပြည့်မြောက်တဲ့ အောက်တိုဘာ ၁ ရက်နေ့ တရုတ်အမျိုးသားနေ့မှာ ဆန္ဒပြမှုတွေဟာ အလွန့်အလွန် အန္တရာယ်ရှိလိမ့်မယ်လို့ ရဲတပ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၃၀ ရက်) သတိပေးလိုက်ပါတယ်။

(Photo: @AfifahCNA/Twitter)

"ကျွန်တော်တို့ရဲ့ လေ့လာသုံးသပ်မှုတွေအရ မနက်ဖြန် အခြေအနေဟာ အလွန့်အလွန် အန္တရာယ်များပါလိမ့်မယ်၊ အဓိက ဆူပူအုံကြွသူတွေက သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အရှိန်မြှင့်နေပါတယ်၊ သူတို့ရဲ့ အကြမ်းဖက်မှုနဲ့ အစီအစဉ်တွေက အကြမ်းဖက်ဝါဒကို တိုးမြှင့်ဖော်ဆောင်နေတယ်လို့ ပြသနေပါတယ်" လို့ ဟောင်ကောင်ရဲမှူး John Tse က သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်များအတွင်း ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ပဋိပက္ခတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ရဲမှူးရဲ့ သတိပေးပြောကြားမှု ယနေ့ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို ဓာတ်ဆီပုလင်းဗုံး အလုံး ၁၀၀ ဝန်းကျင်နဲ့ ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆန်များနဲ့ ရေအမြောက်များသုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ဆန္ဒပြအဓိကရုဏ်းများအတွင်း ရဲအရာရှိ ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

(Photo: @AfifahCNA/Twitter)

"ကျွန်တော်တို့ အလွန်အန္တရာယ်ရှိတဲ့ အခြေအနေနဲ့နီးစပ်နေပါတယ်၊ ကျွန်တော်တို့ရရှိထားတဲ့ ထောက်လှမ်းရေးသတင်းတွေအရ အမာခံ အကြမ်းဖက်ဆန္ဒပြသူအချို့က ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ရှိနေသူတွေ အပါအဝင် အခြားလူတွေကို စည်းရုံးလှုံ့ဆော်ပြီး ရဲတပ်ဖွဲ့ဝင်တွေကိုသတ်ခြင်း၊ ရဲအရာရှိတွေအဖြစ် ဟန်ဆောင်ပြီး အခြားလူတွေကိုသတ်ခြင်းနဲ့ ဓာတ်ဆီဆိုင်တွေကို မီးရှို့ခြင်းကဲ့သို့ အစွန်းရောက်လုပ်ရပ်တွေ လုပ်ဆောင်ရန်ကြံစည်နေတယ်လို့ သိရပါတယ်၊ ဒီလုပ်ဆောင်မှုအားလုံးက အကြမ်းဖက်ဝါဒနဲ့ နောက်တစ်ဆင့် ပိုနီးကပ်လာတာပါပဲ" လို့ ရဲမှူး John Tse က ပြောပါတယ်။

(Photo:  Isaac Lawrence/AFP)

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က ကျောင်းသူကျောင်းသား ၆၇ ဦး အပါအဝင် လူ ၁၅၇ ဦးကို ဖမ်းဆီးခဲ့ကြောင်းလည်း သိရပါတယ်။ ယနေ့ ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့မှုကြောင့် ဖမ်းဆီးခံရသူတွေအနက် ထင်ရှားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦးဖြစ်တဲ့ သရုပ်ဆောင် Gregory Wong နဲ့ နိုင်ငံရေးသမား Ventus Lau တို့လည်း ပါဝင်တယ်လို့ Civil Human Rights Front (CHRF) ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ CHRF အဖွဲ့က ဟောကောင်မှာ ယခင်ပြုလုပ်ခဲ့တဲ့ အကြီးအကျယ် ဆန္ဒပြမှုတွေကို စီစဉ်ခဲ့တာဖြစ်ပါတယ်။

(Photo: Anadolu Agency/Getty Images)

ဟောင်ကောင်မှာ အာဏာပိုင်တွေက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှစပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တာဖြစ်ပြီး တရုတ်အမျိုးသားနေ့ဖြစ်တဲ့ အောက်တိုဘာ ၁ ရက်အထိ ဆန္ဒပြအဓိကရုဏ်းတွေ ပိုမိုပြင်းထန်လာဖွယ် ရှိနေကြောင်းလည်း သုံးသပ်ထားကြပါတယ်။ ထိုအတောအတွင်း တရုတ်နိုင်ငံက ဟောင်ကောင်မှာ မြို့စောင့်တပ်အဖြစ် တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကို နှစ်ဆတိုးထားကြောင်း နိုင်ငံခြားသံတမန်တွေနဲ့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

(Photo: AFP)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။



က္က