တရုတ်အစိုးရက COVID-19 စတင်ကူးစက်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာ သေဆုံးသူအရေအတွက်ကို ယနေ့ (ဧပြီ ၁၇ ရက်) တိုးမြှင့်ပြင်ဆင်လိုက်ပြီး ကပ်ရောဂါဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ဖုံးကွယ်ထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
(Photo: Reuters)
ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ရုတ်တရက် ၅၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့တာ ဖြစ်ပါတယ်။ ဝူဟန်မြို့ အုပ်ချုပ်ရေးအဖွဲ့က ဆိုရှယ်မီဒီယာမှာ ထုတ်ပြန်ပြောကြားမှုအရ ဝူဟန်မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကို နောက်ထပ် ၁,၂၉၀ ဦး ထပ်မံပေါင်းထည့်လိုက်ကြောင်း သိရပါတယ်။
ထိုသို့ ပေါင်းထည့်လိုက်တာကြောင့် လက်ရှိအချိန်အထိ ဝူဟန်မြို့မှာ သေဆုံးသူအရေအတွက် စုစုပေါင်း ၃,၈၆၉ ဦးဖြစ်လာခဲ့ပါတယ်။ ယခု အပြောင်းအလဲအရ တရုတ်ပြည်မကြီးတစ်ခုလုံးမှာ သေဆုံးသူအရေအတွက်ဟာလည်း ၃၉ ရာခိုင်နှုန်း တိုးမြင့်သွားပြီး ၄,၆၃၂ ဦး ဖြစ်လာခဲ့ကြောင်း ယနေ့ အစောပိုင်းမှာ တရုတ်အစိုးရက ထုတ်ပြန်တဲ့ တရားဝင်အချက်အလက်အရ သိရှိရပါတယ်။
(Photo: AKP Press)
တရုတ်နိုင်ငံမှာ COVID-19 ကူးစက်မှုနဲ့ပတ်သက်ပြီး မည်သည့်အခါကမျှ ဖုံးကွယ်ခဲ့ခြင်းမရှိကြောင်းနဲ့ ဖုံးကွယ်မှုတွေကိုလည်း အစိုးရက ခွင့်မပြုကြောင်း နေ့စဥ် သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Zhao Lijian က ပြောခဲ့ပါတယ်။
ဝူဟန်မြို့မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကို ပြန်လည်ပြင်ဆင်မှုဟာ ကိန်ဂဏန်းအချက်အလက်နဲ့ တိကျမှန်ကန်မှုအပေါ် စိစစ်အတည်ပြုမှုအရ ဖြစ်ကြောင်းနဲ့ ထိုသို့ ပြန်လည်ပြင်ဆင်မှုကို နိုင်ငံတကာမှာလည်း လုပ်ဆောင်လေ့ရှိကြောင်း ၎င်းကဆိုပါတယ်။
(Photo: AFP)
တရုတ်နိုင်ငံဟာ COVID-19 ကပ်ရောဂါဖြစ်ပွားစေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု အင်အားကြီးနိုင်ငံများထံမှ ဖိအားပေးမှုတွေ ရင်ဆိုင်နေရပါတယ်။ အနောက်အုပ်စုနိုင်ငံတွေက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ ပွင့်လင်းမြင်သာမှုအပေါ် သံသယတွေ တိုးမြင့်နေပြီး ဗိုင်းရပ်စ်ဟာ ဝူဟန်မှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခုကနေ အမှန်တစ်ကယ် လွတ်ထွက်လာခဲ့ခြင်းဟုတ် မဟုတ် စုံစမ်းစစ်ဆေးနေကြပါတယ်။
(Photo: Hector Retamal/AFP)
SARS-CoV-2 ဗိုင်းရပ်စ်ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ SARS-CoV-2 ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ယနေ့ညအစောပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ဖြစ်ပွားသူ ၂,၁၉၇, ၉၅၀ ဦး၊ သေဆုံးသူ ၁၄၇,၅၉၈ ဦးအထိ ဆက်လက် မြင့်တက်နေပြီး ပြန်လည်သက်သာသူ ၅၅၈,၀၅၅ ရှိခဲ့ကြောင်း သိရပါတယ်။