ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းမှာ မတော်တဆမှုဖြစ်ခဲ့ပါတယ်

တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခု အမိုးပြိုကျမှုအတွင်း သေဆုံးသူအရေအတွက် ၂၁ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။ ယနေ့ (ဇန်နဝါရီ ၁၃ ရက်) မှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က နောက်ထပ် မိုင်းတွင်းလုပ်သားနှစ်ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

(Photo: Xinhua/Li Yibo)

ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းက Shaanxi ပြည်နယ်ရှိ ကျောက်မီးသွေးတွင်း မြေအောက်နေရာမှာ စုစုပေါင်း လူ ၈၇ ဦး အလုပ်လုပ်နေကြစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေကို ကိုးကားပြီး အစိုးရသတင်းဌာန ဆင်ဟွာက ပြောပါတယ်။ မိုင်းတွင်း မတော်တဆမှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးသမားတွေက ပိတ်မိနေခဲ့တဲ့ မိုင်းတွင်းလုပ်သားနှစ်ဦးကို ရှာဖွေခဲ့ကြရာ ယနေ့မနက်ပိုင်းမှာတော့ ၎င်းတို့ကို သေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။



နောက်ထပ် မိုင်းတွင်းလုပ်သား ၆၆ ဦးကိုတော့ မိုင်းတွင်းကနေ ဘေးကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ ယခု ကျောက်မီးသွေးတွင်းကို ပုဂ္ဂလိကကုမ္ပဏီ Baiji Mining က ပိုင်ဆိုင်လုပ်ကိုင်တာဖြစ်ပြီး မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

(Photo: Xinhua/Li Yibo)

တရုတ်နိုင်ငံမှ ပုဂ္ဂလိပိုင် ကျောက်မီးသွေးမိုင်းတွင်းတွေဟာ ဘေးကင်းလုံခြုံရေး စီမံဆောင်ရွက်မှုတွေကို ပိုမိုကြီးမားတဲ့ အစိုးရပိုင် မိုင်းတွင်းတွေထက် ကြိုတင်လုပ်ဆောင်မှု အားနည်းကြတယ်လို့ ဆိုပါတယ်။ လူသေဆုံးမှုတွေရှိတဲ့ မိုင်းတွင်းမတော်တဆမှုတွေ တရုတ်မှာ ဖြစ်ပွားလေ့ရှိပါတယ်။

တရုတ်မိုင်းတွင်းလုပ်ငန်းတွေဟာ ကျောက်မီးသွေးထုတ်လုပ်မှု တိုးတက်စေရန် အားထုတ်ကြပေမဲ့ ဘေးကင်းလုံခြုံမှုမှာ အားနည်းချက်တွေရှိပြီး တရားမဝင် မိုင်းတွင်းလုပ်ငန်းတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာလည်း တရုတ်အနောက်တောင်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုမှာ မတော်တဆမှု ဖြစ်ပွားခဲ့ရာ မိုင်းတွင်းလုပ်သား ခုနစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရခဲ့ပါတယ်။

(Image: BBC)

ထိုနှစ် အောက်တိုဘာလအတွင်းမှာ တရုတ်အရှေ့ပိုင်း Shandong ပြည်နယ် မိုင်းတွင်းတစ်ခုမှာ မတော်တဆမှုဖြစ်ပြီး မိုင်းတွင်းလုပ်သားများ ပိတ်မိခဲ့ကြပါတယ်။ ထိုဖြစ်ရပ်အတွင်း မိုင်းတွင်းလုပ်သား ၂၁ ဦး သေဆုံးခဲ့ပြီး တစ်ဦးကိုသာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ National Coal Mine Safety Administration ရဲ့ စာရင်းတွေအရ ၂၀၁၇ ခုနှစ်အတွင်း ကျောက်မီးသွေးမိုင်းတွင်းနဲ့ ဆက်နွယ်တဲ့ သေဆုံးမှု ၃၅၇ ခုရှိခဲ့ကြောင်းနဲ့ ယခင်နှစ်နဲ့နှိုင်းယှဉ်ပါက ၂၈.၇ ရာခိုင်နှုန်း လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

ထိုသို့ တိုးတက်မှုတွေရှိလာခဲ့ပေမဲ့ မိုင်းတွင်းတွေမှာ ဘေးကင်းလုံခြုံစွာဖြင့် ကျောက်မီးသွေးထုတ်လုပ်နိုင်မှု အခြေအနေဆိုးနေဆဲ ဖြစ်တယ်လို့ ယမန်နှစ် ဇန်နဝါရီလအတွင်း ကျောက်မီးသွေးမိုင်းတွင်း ဘေးကင်းလုံခြုံမှုဆိုင်ရာ ဆွေးနွေးပွဲအပြီး National Coal Mine Safety Administration ရဲ့ ထုတ်ပြန်ချက်မှာပြောထားကြောင်း BBC သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က