တုပ်ကွေးဆေးကို တရုတ်နိုင်ငံရှိ ဆေးရုံနှစ်ခုမှာ စမ်းသပ်ခဲ့ရာ ထိရောက်မှုရှိခဲ့ပါတယ်။

COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံလူနာတွေကို ကုသရာမှာ ဂျပန်နိုင်ငံထုတ် တုပ်ကွေးဆေးကို အသုံးပြုသွားရန် တရားဝင် ဆုံးဖြတ်လိုက်တယ်လို့ တရုတ်အစိုးရကပြောကြောင်း NHK သတင်းမှာ ဖော်ပြပါတယ်။

(Photo: AFP via Getty Images)

ဂျပန်နိုင်ငံထုတ် Favipiravir (Avigan အမည်ဖြင့်လည်း သိထားကြ) တုပ်ကွေးဆေးဟာ COVID-19 ရောဂါကုသရာမှာ ထိရောက်မှုရှိတယ်လို့ တရုတ်နိုင်ငံရဲ့ ဇီဝနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူး Zhang Xinmin က ဘေဂျင်းမြို့မှာ အင်္ဂါနေ့ (မတ်လ ၁၇ ရက်) က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောခဲ့ပါတယ်။



Favipiravir တုပ်ကွေးဆေးကို တရုတ်နိုင်ငံရှိ ဆေးရုံနှစ်ခုမှာ စမ်းသပ်ခဲ့ရာ ထိရောက်မှုရှိခဲ့တယ်လို့ ၎င်းကဆိုပါတယ်။ ဝူဟန်မြို့မှာ COVID-19 လူနာ ၂၄၀ နဲ့ ရှန်ဇန်းမြို့မှာ လူနာ ၈၀ ကို အဆိုပါဆေးဖြင့် စမ်းသပ်ကုသခဲ့ပါတယ်။ ဝူဟန်မှာ စမ်းသပ်ခဲ့မှုအရ Favipiravir တုပ်ကွေးဆေးပေးခဲ့ပြီးနောက် လူနာဟာ ၂ ရက်ကျော်ကြာချိန်မှာ ကိုယ်အပူချိန် ပုံမှန်ပြန်ဖြစ်လာခဲ့ကြောင်း Zhang Xinmin က ပြောပါတယ်။

(Photo: NHK)

Favipiravir ဆေး မပေးခဲ့တဲ့ လူနာတွေကတော့ ကိုယ်အပူချိန် ပုံမှန်ပြန်ဖြစ်ရန် ၄ ရက်ကျော်ကြာခဲ့တယ်လို့ သိရပါတယ်။ စမ်းသပ်ကုသမှုအရ Favipiravir တုပ်ကွေးဆေးဟာ COVID-19 ရောဂါဖြစ်စေတဲ့ SARS-CoV-2 (severe acute respiratory syndrome coronavirus 2) ဗိုင်းရပ်စ် ကို ထိရောက်စွာ တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။

Favipiravir ဆေးဖြင့် ကုသပေးခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံ လူနာတွေဟာ ပျမ်းမျှအားဖြင့် ၅ ရက်နီးပါးအကြာမှာ ချောင်းဆိုးပျောက်သွားပြီး ထိုဆေးမပေးခဲ့သူတွေကတော့ ချောင်းဆိုးပျောက်ရန် ၆ ရက်နီးပါး ကြာမြင့်ကြောင်းလည်း Zhang Xinmin က ပြောပါတယ်။ ဒါ့အပြင် Favipiravir တုပ်ကွေးဆေးဟာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံလူနာတွေအတွက် ဘေးထွက်ဆိုးကျိုးလည်း မရှိဘူးလို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: John Minchillo/AP)

ရှန်ဇန်းမြို့မှာ စမ်းသပ်ခဲ့ရာမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးအတည်ပြုထားသူတွေကို Favipiravir တုပ်ကွေးဆေး ပေးခဲ့ပြီးနောက် ၄ ရက်အကြာမှာ ဗိုင်းရပ်စ်မရှိတော့တာ တွေ့ခဲ့ရပါတယ်။ Favipiravir ဆေး မသောက်တဲ့ ဗိုင်းရပ်စ်ကူးစက်ခံ လူနာတွေမှာတော့ ဗိုင်းရပ်စ်မရှိတော့ရန် ၁၁ ရက်ကြာကြောင်း သိရပါတယ်။

ဓာတ်မှန်ရိုက်စစ်ဆေးမှုအရလည်း Avigan တုပ်ကွေးဆေးဖြင့် ကုသပေးခဲ့တဲ့ လူနာအရေအတွက်ရဲ့ ၉၁ ရာခိုင်နှုန်းမှာ အဆုတ်အခြေအနေ တိုးတက်ကောင်မွန်လာမှုများ တွေ့ခဲ့ရကြောင်း အတည်ပြုထားပါတယ်။ ထိုဆေးဖြင့် ကုသခဲ့ခြင်းမရှိတဲ့ လူနာတွေမှာတော့ ၆၂ ရာခိုင်နှုန်းသာ အဆုတ်အခြေအ‌နေ တိုးတက်မှုကိုတွေ့ရှိထားပါတယ်။

(Photo: AP)

Favipiravir သို့မဟုတ် Avigan တုပ်ကွေးဆေးကို Fujifilm Toyama Chemical က ၂၀၁၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ဂီနီနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားခဲ့စဥ် ဂျပန်အစိုးရက Avigan ဆေးများကို အရေးပေါ် အကူအညီအဖြစ် ပေးပို့ခဲ့ဖူးကြောင်းလည်း သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၁၉ ရက် မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၈,၇၆၀ ဦးနဲ့ သေဆုံးသူ ၈,၇၄၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က