loading...

loading...

loading...

မတ်လ ၂၈ ရက် ညသန်းခေါင်ကျော်မှစပြီး ပြည်ဝင်ခွင့်ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။
Ko John

တရုတ်က COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဟန့်တားရန် ၎င်းရဲ့ နိုင်ငံတကာလေကြောင်းခရီးစဥ်တွေကို အပြင်းအထန် လျှော့ချမှာဖြစ်ပြီး နိုင်ငံမှာ အခြေချနေထိုင်တဲ့ နိုင်ငံခြားသားများ ပြန်လည်ဝင်ရောက်လာမှုကို တားမြစ်ပိတ်ပင်သွားမယ်လို့ မတ်လ ၂၆ ရက်မှာ ပြောပါတယ်။

တရုတ်ပြည်မကြီးအတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ရက်ဆက်တိုက် အသစ်မတွေ့ရှိခဲ့ပေမဲ့ ပြည်ပမှ ဝင်ရောက်လာသူတွေထံမှာ ဗိုင်းရပ်စ်ကူးစက်မှုများ တွေ့ရှိလာနိုင်မှုအပေါ် တာဝန်ရှိသူတွေက စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ လက်ရှိအချိန်အထိ တရုတ်သို့ ပြည်ပမှ ဝင်ရောက်လာခဲ့သူ ၅၀၀ ကျော်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ တရုတ်မှာ အခြေချနေထိုင်ခွင့်ရရှိထားပြီး ဗီဇာသက်တမ်းမကုန်သေးတဲ့ နိုင်ငံခြားသားများ ပြန်လည်ဝင်ရောက်မှုကို စနေနေ့ (မတ်လ ၂၈ ရက်) ညသန်းခေါင်ကျော်မှစပြီး ပိတ်ပင်ထားမယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရတဲ့ ပြည်ပမှ ဝင်ရောက်လာသူ ၅၀၀ အနက် အများစုဟာ အိမ်ပြန်လာတဲ့ တရုတ်လူမျိုးများဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

သံတမန်များနဲ့ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဝန်ထမ်းများ၊ သင်္ဘောများကိုတော့ နိုင်ငံအတွင်းဝင်ရောက်ရန် ဆက်လက်ခွင့်ပြုထားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တရုတ်မှ နိုင်ငံတစ်ခုစီသို့ လေကြောင်းခရီးစဥ်ကိုလည်း တစ်ပတ်လျှင်တစ်ကြိမ်သာ ပျံသန်းစေမှာဖြစ်ပြီး နိုင်ငံတကာလေကြောင်းခရီးစဥ်များ တရုတ်သို့ ဝင်ရောက်မှုကိုလည်း တစ်ပတ်လျှင်တစ်ကြိမ်သာ ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ယခု ပိတ်ပင်ကန့်သတ်မှုတွေဟာ ယာယီ စီမံဆောင်ရွက်မှုဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဘေဂျင်းနဲ့ ရှန်ဟိုင်း အပါအဝင် တရုတ်နိုင်ငံရဲ့ မြို့အများအပြားမှာ နိုင်ငံခြားမှ ရောက်ရှိလာသူတွေကို ၁၄ ရက်ကြာ သီးခြားခွဲထားပြီး ကျန်းမာရေးစောင့်ကြည့်မှုခံယူရန် ညွှန်ကြားချက်ထုတ်ထားခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ COVID-19 ကို တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်ရှိ ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ယနေ့ (မတ်လ ၂၇ ရက်) မနက်အစောပိုင်းအထိ တရုတ်ပြည်မကြီးမှာ COVID-19 ကူးစက်ခံရသူ ၈၁,၂၈၅ ဦးရှိပြီး ၃,၂၈၇ ဦး သေဆုံးခဲ့ကာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၄,၀၀၀ နီးပါး ပြန်လည်သက်သာခဲ့ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်ခံမှုနဲ့ သေဆုံးသူ သိသာစွာ လျော့ကျသွားခဲ့ပေမဲ့ အီတလီ၊ စပိန်၊ ဂျာမနီ၊ ပြင်သစ် အပါအဝင် ဥရောပနိုင်ငံများ၊ အမေရိကန်နိုင်ငံနဲ့ အီရန်ကဲ့သို့ တရုတ်ပြင်ပ နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ မြင့်တက်နေပါတယ်။

မတ်လ ၂၇ ရက် မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ သန်းတစ်ဝက်ကျော် (၅၂၆,၀၄၄ ဦး) နဲ့ သေဆုံးသူ ၂၃,၇၀၉ ဦးအထိ မြင့်တက်လာပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာသွားသူ ၁၂၂,၀၆၆ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က