တရုတ်မိုင်းတွင်းလုပ်ငန်းမှာ ဘေးကင်းလုံခြုံမှု အားနည်းချက်ကြောင့် လူသေဆုံးမှုဖြစ်စေတဲ့ မတော်တဆမှုများ ဖြစ်ပွားလေ့ရှိပါတယ်။
Ko John

တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ်မှာ ကျောက်မီးတွင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း အစိုးရသတင်းဌာနက ယနေ့ (နိုဝင်ဘာ ၁၉ ရက်) ပြောပါတယ်။

(Photo: AFP)

ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းက Shanxi Pingyao Fengyan Coal & Coke Group က ပိုင်ဆိုင်တဲ့ ကျောက်မီးတွင်းမှာ ဂက်စ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ဖော်ပြပါတယ်။ ကျောက်မီးတွင်းပေါက်ကွဲမှုကြောင့် လူကိုးဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။

ဆင်ဟွာသတင်းမှာ ဖော်ပြမှုအရ ပေါက်ကွဲမှုဖြစ်ပွားစဥ် ကျောက်မီးတွင်းရဲ့ မြေအောက်နေရာမှာ မိုင်းတွင်းလုပ်သား ၃၅ ဦး အလုပ်လုပ်နေခဲ့ပြီး ၁၁ ဦးက ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောက်မီးတွင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေဟာ ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိကြောင်းလည်း ဆင်ဟွာကဆိုပါတယ်။

(Photo: AFP)

ယခုဖြစ်ရပ်ဟာ သက်ဆိုင်ရာ ကုမ္ပဏီက ဥပဒေစည်မျဥ်းကို သိရှိလိုက်နာမှုမရှိခြင်းနဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုတို့ကြောင့် ဖြစ်ပွားခဲ့ကြောင်း ရှန်ဇီပြည်နယ် ကျောက်မီးတွင်းဘေးကင်းလုံခြုံရေး ကြီးကြပ်ကွပ်ကဲမှုဌာနမှ တာဝန်ရှိသူ ရှင်ရှူပင်းက ပြောပါတယ်။ အာဏာပိုင်တွေက ကျောက်မီးတွင်းပေါက်ကွဲမှု ဖြစ်ပွားရတဲ့အကြောင်းရင်း အတိအကျကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပေမဲ့ ရှင်ရှူပင်ကတော့ ဥပဒေနဲ့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာမှုမရှိတာကြောင့်လို့ပြောခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ မိုင်းတွင်းလုပ်ငန်းမှာ ဘေးကင်းလုံခြုံမှု အားနည်းချက်ကြောင့် လူသေဆုံးမှုဖြစ်စေတဲ့ မတော်တဆမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုမှာတော့ ဘေးကင်းလုံခြုံမှုမရှိတဲ့ ကျောက်မီသွေးတွင်းများကိစ္စကို ကိုင်တွယ်ဆောင်ရွက်ရန်နဲ့ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု တိုးတက်ကောင်းမွန်ရေး လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

(Infographic Map: AFP)

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း တရုတ်အနောက်တောင်ပိုင်း ချုံကင်းဒေသမှာ မိုင်းတွင်းတစ်ခုရဲ့ ဥမင်လှိုဏ်ခေါင်းပြိုကျမှုကြောင့် မိုင်းတွင်းလုပ်သား ခုနစ်ဦး သေဆုံးခဲ့ဖူးပါတယ်။ ထိုနှစ် အောက်တိုဘာလအတွင်းကလည်း တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်မှာ မိုင်းတွင်းပြိုကျမှုဖြစ်ပြီး ဥမင်လှိုဏ်ခေါင်းပိတ်သွားခဲ့ရာမှ မိုင်းတွင်းလုပ်သား ၂၁ ဦး ပိတ်မိသေဆုံးခဲ့ပြီး တစ်ဦးတည်းကိုသာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ ထို့အတူ ၂၀၁၆ခုနှစ် ဒီဇင်ဘာလက တရုတ်အရှေ့မြောက်ပိုင်း Heilongjiang ပြည်နယ်နဲ့ အတွင်းမွန်ဂိုလီးယားဒေသတို့မှာ ဖြစ်ပွားခဲ့တဲ့ မိုင်းတွင်းပေါက်ကွဲမှု နှစ်ခုကြောင့် လူ ၅၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က